ရွေးချယ်စရာ များပြားလှတဲ့ ယနေ့ခေတ် စမတ်ဖုန်းလောကကြီးထဲမှာ ဖက်ရှင်ဒီဇိုင်းဆန်းဆန်းနဲ့ အထာကျကျ ကိုင်လို့ရတဲ့ အမိုက်စားဖုန်းတစ်မျိုး ၂၀၂၂ ခုနှစ်မှာ စတင် ဝင်ရောက်လာပါတယ်။ သူ့နာမည်ကလည်း ခပ်ဆန်းဆန်းပါပဲ။ Nothing တဲ့။ အခု ၂၀၂၅ ခုနှစ်မှာ Nothing ကနေ သူတို့ရဲ့ နောက်ဆုံးပေါ် မော်ဒယ်ဖြစ်တဲ့ Nothing Phone (3) ကို တင်ဆက်ခဲ့ပါပြီ။
Nothing ဆိုတဲ့ အဓိပ္ပာယ်ဟာ မရှိခြင်းလို့ ဆိုလိုပါတယ်။ Nothing ကုမ္ပဏီကို စတင်တည်ထောင်သူ Carl Pei က ဒီအမည်ပေးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး “အကောင်းဆုံး နည်းပညာဆိုတာ အသုံးပြုရတာ သဘာဝကျပြီး နားလည်ရလွယ်ကူရမယ်”လို့ ဆိုခဲ့ပါတယ်။ ဖုန်းတစ်လုံးကို သုံးနေတဲ့အခါ ဆော့ဖ်ဝဲလ် အခက်အခဲတွေ၊ ရှုပ်ထွေးတဲ့ interface တွေက သုံးစွဲသူနဲ့ နည်းပညာကြားမှာ အတားအဆီး မဖြစ်စေဘဲ ချောမွေ့လွယ်ကူ နေရမယ်။ ဖုန်းနဲ့ ပတ်သက်တဲ့ အာရုံနောက်စရာတွေကို သတိမထားမိဘဲ သုံးစွဲသူရဲ့ ဘဝကို ပိုကောင်းအောင်၊ ပိုအဆင်ပြေအောင် အထောက်အကူပြုနေဖို့ပဲ အဓိက ဖြစ်ပါတယ် လို့ ပြောချင်တာပါ။ အဓိကအနေနဲ့ ရိုးရှင်းပြီး ဘာမှမရှိသလို (like Nothing) ခံစားရသင့်တယ်ဆိုတဲ့ အယူအဆကို Carl Pei က ကိုင်စွဲပြီး ထုတ်တဲ့ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကို Nothing အမည်ပေးခဲ့ပါတယ်။
Nothing ရဲ့ စမတ်ဖုန်းခရီးလမ်းကို ပြန်ကြည့်ရင်၊ ပထမဆုံးထွက်ရှိခဲ့တဲ့ Nothing Phone (1) ဟာ စျေးကွက်ထဲကို Mid-range ဖုန်းအဖြစ် ဝင်ရောက်လာခဲ့ပြီး အဓိက ဆွဲဆောင်မှုကတော့ ဖုန်းကျောဘက်က LED မီးလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ Glyph Interface ပဲ ဖြစ်ပါတယ်။ ဒီ Glyph Interface ဟာ Notification တွေ၊ အားသွင်းမှု အခြေအနေတွေကို အလင်းရောင်နဲ့ ဖော်ပြပေးပါတယ်။ ဒီလို ရိုရှင်းပေမဲ့ ဆွဲဆောင်မှုရှိလှတဲ့ အချက်ဟာ စမတ်ဖုန်းလောကမှာ သုံးစွဲသူတွေကြား Viral ဖြစ်သွားစေပြီး မြင်တွေ့နေကျ ဖုန်းတွေနဲ့ မတူတဲ့ ဆန်းသစ်မှုနဲ့မတူ ဖုန်းလောကမှာ စောင့်ကြည့်ချင်စရာ ဖုန်းတစ်ခုအဖြစ် စတင်နိုင်ခဲ့ပါတယ်။ ဖုန်းသုံးစွဲသူတို့အတွက် အတွေ့အကြုံသစ်တစ်ခု ပေးခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ Chipset အနေနဲ့ Snapdragon 778G+ ကို အသုံးပြုခဲ့ပါတယ်။
တစ်နှစ်အကြာမှာ ထွက်ရှိလာတဲ့ Nothing Phone (2) ကတော့ ပိုမိုမြင့်မားတဲ့ "Flagship Killer" အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ ပရိုဆက်ဆာကို Snapdragon 8+ Gen 1 အဆင့် မြှင့်တင်ခဲ့ပြီး Glyph Interface ကိုလည်း LED ဇုန်အရေအတွက် ပိုမိုများပြားအောင်၊ စိတ်ကြိုက်ပြင်ဆင်နိုင်မှု ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒီဖုန်းဟာ Nothing ကို စမတ်ဖုန်းလောကမှာ အာရုံစိုက်မှု ပိုမိုရရှိစေခဲ့တဲ့ မော်ဒယ်ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ Nothing ဟာ သူတို့ဖုန်းတွေရဲ့ 'a' စီးရီး ဖုန်းတွေအစဖြစ်လာမဲ့ Nothing Phone (2a) ကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ Nothing ရဲ့ 'a' စီးရီး ဖုန်းတွေဟာ ရှေ့ကထုတ်ခဲ့တဲ့ Phone (1)၊ Phone (2) ထက် ဈေးနှုန်းသက်သာပြီး ထူးခြားတဲ့ ဒီဇိုင်းကို အဓိကထား ထုတ်လုပ်ထားတာပါ။ စွမ်းဆောင်ရည်အားဖြင့်လည်း ကောင်းမွန်မှုတွေ ရှိခဲ့လို့ Nothing Phone (2a) ဟာ လူကြိုက်များခဲ့ပါတယ်။ Phone (2a) ရဲ့ နောက်ဆက်တွဲအဖြစ် Phone (3a) နဲ့ (3a) Pro
တို့ကို ၂၀၂၅ ခုနှစ် မတ်လမှာ Nothing က ထပ်မံ တင်ဆက်ခဲ့ပါတယ်။ 3a စီးရီးမှာ ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ကင်မရာကို လိုချင်သူတွေအတွက် 'Pro' ဗားရှင်းကိုပါ ထည့်သွင်းပေးခဲ့တာပါ။
အခုအခါမှာတော့ Nothing ဟာ သူတို့ရဲ့ တတိယမြောက် အဓိကဖုန်းဖြစ်တဲ့ Nothing Phone (3) နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ယခင်ဖုန်းများရဲ့ အခြေခံမူများကို ထိန်းသိမ်းထားရင်း အသွင်အပြင်ရော အတွင်းပိုင်းပါ သိသိသာသာ အဆင့်မြှင့်တင်၊ ပြောင်းလဲမှုတွေ ပြုလုပ်ထားပါတယ်။
Nothing Phone (3) ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုကတော့ ဒီဇိုင်းပိုင်း ဆန်းသစ်တီထွင်မှုပါ။ အထူးသဖြင့် နောက်ကျောက Glyph Interface ကို Glyph Matrix လို့ခေါ်တဲ့ စနစ်အသစ်အဖြစ် ပြောင်းလဲလိုက်တာပါပဲ။ ဖုန်းရဲ့ ကျောဘက် ညာဘက်အပေါ်ထောင့်မှာ LED မီးလုံးငယ် ၄၈၉ လုံး နဲ့ ဖွဲ့စည်းထားတဲ့ monochrome display တစ်ခုကို ထည့်သွင်းထားပါတယ်။ ဒီ display သစ်ဟာ ယခင်ကလို ရိုးရှင်းတဲ့ အလင်းတန်းများမဟုတ်တော့ဘဲ၊ Notification ပုံစံများ၊ အားသွင်းရာခိုင်နှုန်း၊ အချိန်နဲ့ အခြားအသုံးချပရိုဂရမ်များရဲ့ အချက်အလက်များကို စာသား (သို့မဟုတ်) ပုံရိပ်ငယ် ပုံစံမျိုးနဲ့ ပြသနိုင်စွမ်းရှိလာပါတယ်။ ဒါဟာ Nothing ရဲ့ "ဖောက်ထွင်းမြင်ရခြင်း" ဒဿနကို နောက်တစ်ဆင့် တက်လှမ်းလိုက်တာပါပဲ။ ဖုန်းကိုယ်ထည်ဟာ Gorilla Glass 7i (ရှေ့)၊ Gorilla Glass Victus (နောက်) နဲ့ Aluminium ဘောင်တို့နဲ့ ပေါင်းစပ်ထားပြီး ပရီမီယံဆန်လာပါတယ်။ ရေနှင့်ဖုန်ဒဏ်ခံနိုင်မှုအတွက်လည်း IP68 အဆင့်ကို အဆင့်မြှင့်တင်ထားတယ်။
Android 15 ကို အခြေခံထားတဲ့ Nothing OS 3.5 ကို အသုံးပြုထားပြီး Nothing ရဲ့ ထုံးစံအတိုင်း လိုအပ်တာထက် ပိုလျှံနေတဲ့ Feature တွေကို လျှော့ချထားတဲ့ "Minimalist" ပုံစံကို ထိန်းသိမ်းထားတယ်။ Nothing ဟာ Android Upgrade ၅ နှစ်နဲ့ Security Patch ၇ နှစ်အထိ ပေးမယ်လို့ ကတိပြုထားတဲ့အတွက် ရေရှည်အသုံးပြုဖို့ စိတ်ချရပါတယ်။ Chipset ကို Snapdragon 8s Gen 4 ကို အသုံးပြုထားပြီး 8s Gen 4 ဟာ စွမ်းအင်စားသုံးမှု ထိန်းချုပ်နိုင်မှုနဲ့ စွမ်းဆောင်ရည်ပိုင်းကို မျှတအောင် ပေါင်းစပ်ထားတဲ့အတွက် အသုံးပြုသူများကို စွမ်းအင်သက်သာပြီး လျင်မြန်တဲ့ အတွေ့အကြုံကို ပေးပါလိမ့်မယ်။ 12GB RAM / 256GB Storage နဲ့ 16GB RAM / 256GB Storage နှစ်မျိုးကို ရွေးချယ်နိုင်တယ်။ ဘက်ထရီက 5150mAh ဖြစ်ပြီး 65W Wired Charging နဲ့ 15W Wireless Charging ကို ထောက်ပံ့ပေးပါတယ်။
Nothing Phone (3) ရဲ့ ကင်မရာက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောနိုင်တယ်။ နောက်ဘက်မှာ Main, Ultrawide, နဲ့ Periscope Telephoto ကင်မရာ ၃ လုံးပါပြီး 50MP ချည်းပဲ ဖြစ်တယ်။ ရှေ့ကင်မရာ (Selfie) ကလည်း 50MP ပါပဲ။ 50MP Periscope Telephoto ကင်မရာဟာ 3x Optical Zoom နဲ့ 60x အထိ AI Super Resolution Zoom တွေကို ရိုက်ကူးနိုင်တဲ့အတွက် အဝေးက ရုပ်ပုံတွေကို အသေးစိတ် ဖမ်းယူနိုင်လာပါတယ်။ ဓာတ်ပုံအရည်အသွေးကို မြှင့်တင်ပေးမယ့် Nothing ရဲ့ ကိုယ်ပိုင် ရုပ်ပုံပြုပြင်ရေးနည်းပညာ (Image Processing Technology) ဖြစ်တဲ့ TrueLens Engine 4 ကို အသုံးပြုထားပါတယ်။ Video Recording ပိုင်းမှာ 4K 60fps Ultra XDR ဖြစ်ပါတယ်။
ဆိုတော့ Nothing Phone (3) ဟာ Nothing အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ပထမဖုန်း (Phone 1) ရဲ့ "စမ်းသပ်ချက်"၊ ဒုတိယဖုန်း (Phone 2) ရဲ့ "Flagship-Killer" အနေအထားကနေ Nothing Phone (3) ဟာ Flagship-Tier စမတ်ဖုန်းဖြစ်လာပြီး ရွေးချယ်စရာ များပြားလှတဲ့ ယနေ့ခေတ် စမတ်ဖုန်းလောကကြီးထဲကို တဖြည်းဖြည်းနဲ့ ခြေလှမ်းတွေ တိုးမြှင့်လာနေတာပါ။ ဈေးနှုန်းအနေနဲ့က Nothing Myanmar Facebook Page မှာ Nothing Phone (3) • 12GB+256GB - 3,520,000Ks / Nothing Phone (3) • 16GB+256GB - 3,960,000Ks လို့ ဖော်ပြထားပါတယ်။
Nothing Phone (3) ဟာ ပုံမှန် Flagship ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့ အသုံးပြုမှုကနေ ရုန်းထွက်ချင်တဲ့သူတွေ၊ နည်းပညာနဲ့ ဒီဇိုင်းပိုင်း ဆန်းသစ်တီထွင်မှုတွေကို မြတ်နိုးတဲ့ သုံးစွဲသူတွေအတွက် စမတ်ဖုန်းစျေးကွက်ထဲမှာ အခြားဖုန်းတွေနဲ့ မတူတဲ့ အရသာကို ပေးစွမ်းနိုင်တဲ့ ဖုန်းတစ်လုံး ဖြစ်လာပါတယ်။
“ဘာဖုန်းကိုင်ထားတာလဲ” ဆိုပြီး မေးလာရင် “ဘာဖုန်းမှ မဟုတ်ဘူး၊ Nothing ဖုန်းပါ” ဆိုပြီး အထာကျကျ နဲ့ ဆန်းသစ်တဲ့ဖုန်း ကိုင်ဆောင်လိုတဲ့ မိတ်ဆွေတို့အတွက် နောက်ဆုံးထွက် Nothing Phone 3 နဲ့ အခြားဆက်စပ်ဖုန်းများအကြောင်းကို MY Yangon Guide ကနေ မျှဝေလိုက်ပါတယ်။
.
Read 72 times