Technology

နည်းပညာဂေဟစနစ် Tech Ecosystem - သက်သောင့်သက်သာရှိမှုလား၊ ရွှေလက်ထိပ် ခတ်ခံရခြင်းလား

Tech Ecosystem: Comfort or Golden Handcuffs?

Tech Ecosystem ဆိုတာ ဘာလဲ? 

အရင်ဆုံး ဒီစကားလုံးကို စိမ်းနေတဲ့သူတွေအတွက် ရှင်းပြရရင် .. Ecosystem (ဂေဟစနစ်) ဆိုတာ ဇီဝဗေဒမှာတော့ သက်ရှိတွေနဲ့ ပတ်ဝန်းကျင် အပြန်အလှန် မှီခိုနေထိုင်ကြတဲ့ စနစ်ကို ခေါ်တာပါ။ နည်းပညာလောကမှာတော့ ကုမ္ပဏီတစ်ခုတည်း (ဥပမာ - Apple , Samsung, Google စသည်ဖြင့်က ထုတ်လုပ်ထားတဲ့ ဖုန်း၊ နာရီ၊ နားကြပ်၊ ကွန်ပျူတာ၊ တက်ဘလက် စတဲ့ ပစ္စည်းတွေအားလုံး “တစ်သားတည်း” ချိတ်ဆက်အလုပ်လုပ်ခြင်းကို ဆိုလိုပါတယ်။ လွယ်လွယ်ပြောရရင် ဖုန်းမှာ ဓာတ်ပုံရိုက်လိုက်တာနဲ့ တက်ဘလက်မှာ ပေါ်လာမယ်၊ နာရီကနေ ဖုန်းခေါ်လို့ရမယ်၊ နားကြပ်က စက်နှစ်ခုကြားမှာ အလိုအလျောက် ပြောင်းပေးမယ်။ ဒါကို Tech Ecosystem လို့ ခေါ်ပါတယ်။ 

 

ယနေ့ကာလမှာ လူသားတို့ရဲ့ နေ့စဉ်ဘဝထဲမှာ မိုဘိုင်းနည်းပညာဟာ နက်နက်ရှိုင်းရှိုင်း နေရာယူနေကြပါပြီ။ ဒီအတွက် မြင့်မားလာတဲ့ နည်းပညာရဲ့ နောက်ကွယ်ကနေ ဖြစ်တည်လာတဲ့ Tech Ecosystem ရဲ့ သက်ရောက်မှုအကြောင်းကို MY Yangon Team က လေ့လာပြုစုထားတဲ့ ဒီဆောင်းပါးမှာ ဖတ်ရှုကြရအောင် …. 

 

ကုမ္ပဏီတွေရဲ့ "ရွှေလက်ထိပ်" မဟာဗျူဟာ 

ရုတ်တရက်အားဖြင့် ကြည့်လိုက်မယ်ဆို ဒီစနစ်ဟာ သုံးစွဲသူတွေအတွက် ရာနှုန်းပြည့်နီးပါး အဆင်ပြေသထက်ပြေအောင် လုပ်ထားတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ အတွင်းကျကျ စဉ်းစားကြည့်လိုက်တဲ့အခါ မေးခွန်းထုတ်စရာလေးတွေ ရှိနေပါတယ်။ Tech Ecosystem အကြောင်းကို အလွယ်ဆုံးပြောရမယ်ဆို သုံးစွဲသူတို့အတွက် အဆင်ပြေတာ မှန်ပေမဲ့ တစ်ဖက်မှာလည်း Tech Ecosystem ဟာ နည်းပညာကုမ္ပဏီဘီလူးကြီးတွေအတွက် သူတို့ပစ္စည်း အကုန်ရောင်းရဖို့ ဖန်တီးထားတဲ့ “Walled Garden” (ခြံခတ်ထားတဲ့ ဥယျာဉ်) တစ်ခု ဖြစ်ပါတယ်။

 

၁။ ရာနှုန်းပြည့် အဆင်ပြေမှု ဟုတ်ရဲ့လား?

ဟုတ်ပါတယ်။ သုံးရတာ အရမ်းလွယ်ကူသွားစေပါတယ်။ ဒါပေမဲ့ ဒါဟာ “ရွေးချယ်ခွင့် ပျောက်ဆုံးခြင်း” နဲ့ လဲလိုက်ရတာပါ။ ဥပမာ - iPhone သုံးရင် Apple Watch ပဲ သုံးမှ အဆင်ပြေမယ်။ တခြား Brand နာရီ သွားသုံးရင် Function အကုန်မရတော့ဘူး။ ဒါဟာ သုံးစွဲသူကို အဆင်ပြေမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ချုပ်နှောင်ထားလိုက်တာပါပဲ။

 

၂။ သူတို့ထုတ်သမျှ အကုန်ရောင်းရတဲ့ ကိစ္စ

ဒါက ကုမ္ပဏီတွေရဲ့ အဓိက ရည်ရွယ်ချက်ပါ။ စီးပွားရေးဝေါဟာရအရ Lock-in Effect လို့ ခေါ်ပါတယ်။ ဖုန်းတစ်လုံး ဝယ်ပြီးရင် နောက်ဆက်တွဲ ပစ္စည်းတွေပါ အဲဒီအမျိုးအစားပဲ ဆက်ဝယ်အောင် ဖန်တီးထားတာပါ။ သုံးစွဲသူက တခြားတံဆိပ်ကို ပြောင်းချင်ရင်တောင် ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတွေ အကုန်လုံး အလကားဖြစ်သွားမှာ စိုးလို့ မပြောင်းရဲတော့ပါဘူး။

 

နည်းပညာ လူတန်းစား ကွဲပြားမှု (Digital Tribalism)

ဒါကို "သင်းကွဲနေထိုင်မှု" ကိစ္စလို့ အမည်တပ်နိုင်ပါတယ်။ တကယ် ဖြစ်လာနေတဲ့ ပြဿနာတစ်ခုပါ။

အုပ်စုကွဲခြင်း: နိုင်ငံတကာမှာဆိုရင် iPhone သုံးတဲ့သူအချင်းချင်း iMessage (အပြာရောင် စာသား) ပို့ကြပြီး၊ Android ဖုန်းက စာဝင်လာရင် Green Bubble (အစိမ်းရောင်) ဖြစ်နေတာမျိုးပေါ့။ ဒါက လူငယ်တွေကြားမှာ အပယ်ခံရသလို ခံစားရစေတဲ့အထိ ဖြစ်လာပါတယ်။

ဖယ်ကျဉ်ခြင်း:  သူငယ်ချင်းတွေအားလုံး AirDrop နဲ့ ဓာတ်ပုံတွေ ပို့နေချိန်မှာ Xiaomi ကိုင်ထားတဲ့သူက "ငါ့ကို Viber က ပို့ပေးကြပါ" လို့ ပြောရတာမျိုးဟာ သိမ်ငယ်စရာ၊ ဒါမှမဟုတ် အုပ်စုကွဲနေသလိုမျိုး ခံစားချက်ကို ဖြစ်စေပါတယ်။

Status Symbol: Ecosystem အပြည့်အစုံ သုံးနိုင်ခြင်းဟာ "ငွေကြေးတတ်နိုင်မှု" ပြယုဂ်တစ်ခု ဖြစ်လာပြီး လူတွေကြားမှာ မမြင်ရတဲ့ တံတိုင်းတွေ ခြားလာစေပါတယ်။

Tech Ecosystem

အကောင်းနဲ့ အဆိုး ဒွန်တွဲနေခြင်း

ကောင်းကွက်များ

• Seamless Experience: အလုပ်လုပ်ရတာ အရမ်းမြန်တယ်။ ခေါင်းစားစရာ မလိုဘူး။

• Security: ကုမ္ပဏီတစ်ခုတည်းက ထိန်းချုပ်ထားတဲ့အတွက် လုံခြုံရေး ပိုကောင်းမွန်တတ်တယ်။

• Resale Value: Set လိုက် ပြန်ရောင်းရင် ဈေးကောင်းရတတ်တယ်။

ဆိုးကွက်များ

• Cost: ဈေးကြီးပေးရတယ်။ တစ်ခုခု ပျက်ရင် ပြင်ဆင်စရိတ် ကြီးတယ်။

• Lack of Freedom: ကိုယ်ကြိုက်တဲ့ ဒီဇိုင်း၊ ကြိုက်တဲ့ စွမ်းဆောင်ရည်ကို ရောနှော သုံးစွဲခွင့် မရှိတော့ဘူး။

• Monopoly: ကုမ္ပဏီကြီးတွေက ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ပိုလွယ်သွားတယ်။

 

အနာဂတ်မှာ ဘာတွေ ဆောင်ရန်၊ ရှောင်ရန် လိုမလဲ?

Ecosystem တွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ပိုတောင် အားကောင်းလာဦးမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပါးပါးနပ်နပ် နေတတ်ဖို့ လိုပါတယ်။

၁။ Cross-Platform ဝန်ဆောင်မှုတွေကို ဦးစားပေးပါ

ဖုန်းလဲလိုက်တာနဲ့ အချက်အလက်တွေ ပါမသွားမှာ မပူရအောင် ကုမ္ပဏီတစ်ခုတည်းပိုင် Service တွေ (ဥပမာ - iCloud, Samsung Notes) ထက် ဘယ်ဖုန်းမှာမဆို သုံးလို့ရတဲ့ Google Photos, Spotify, Telegram, Microsoft Office လိုမျိုး Cross-platform App တွေကို အဓိကထား သုံးသင့်ပါတယ်။

၂။ လိုအပ်မှ ဝယ်ပါ (Don't buy the hype)

ဖုန်းက Samsung မို့လို့ နားကြပ်လည်း Samsung ဖြစ်မှရမယ်ဆိုတဲ့ အတွေးကို ဖျောက်ပါ။ တခါတလေ Third-party ပစ္စည်းတွေ (ဥပမာ - Sony နားကြပ်) က အသံပိုကောင်းပြီး ဖုန်းမျိုးစုံနဲ့လည်း အဆင်ပြေပါတယ်။

၃။ ကိုယ့်ရဲ့ တန်ဖိုးကို ပစ္စည်းပေါ်မှာ မတင်ပါနဲ့

Apple သုံးမှ လူရာဝင်မယ်၊ Android သုံးရင် ခေတ်မမီဘူးဆိုတဲ့ အတွေးတွေကို ဖယ်ရှားပါ။ ကိုယ့်လိုအပ်ချက်၊ ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီတာက အကောင်းဆုံးပါပဲ။ နည်းပညာဆိုတာ ကျွန်တော်တို့ရဲ့ အစေခံ ဖြစ်ရပါမယ်။ ကျွန်တော်တို့က နည်းပညာရဲ့ ကျွန် မဖြစ်ပါစေနဲ့။

Tech Ecosystem

နိဂုံးချုပ်ရရင် - Ecosystem ဆိုတာ အသုံးပြုသူတွေအတွက် "ဇိမ်" တစ်ခု ဖြစ်သလို ကုမ္ပဏီတွေအတွက် "အိမ်" တစ်လုံးပါပဲ။ အဲဒီအိမ်ထဲမှာ နေရတာ သက်တောင့်သက်သာ ရှိပေမဲ့ တံခါးသော့ကိုတော့ ကိုယ်တိုင် ကိုင်ထားနိုင်ဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နည်းပညာကုမ္ပဏီဘီလူးကြီးတွေက Tech Ecosystem နဲ့ ပိုမို ဆွဲဆောင်အားကောင်းတဲ့ကြော်ငြာတွေနဲ့အတူ မိတ်ဆွေရဲ့ ဘဏ်စာရင်းထဲက ငွေတွေကို နည်းမျိူးစုံနဲ့ ယူဖို့ ကြိုးစားနေဦးမှာမို့ပါပဲ။ ကိုယ့်အတွက် တကယ်လိုအပ်တာလား၊ တကယ်အသုံးတည့်မှာလား စသဖြင့် သေသေချာချာ စဉ်းစားပြီး Tech Ecosystem ကို ကိုယ့်ရဲ့ အကျိုုးအတွက် အလုပ်ဖြစ်အောင် ပြုမူနိုင်အောင် လုပ်ဆောင်သင့်ပါတယ်လို့ တိုက်တွန်းရင်း MY Yangon ရဲ့ ဆောင်းပါးလေးကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတယ်။

 

.

⇐ Previous Next

Read 153 times