Entertainment

MY Yangon နိုင်ငံတကာရုပ်ရှင်အညွှန်း ၂၆၊ ၁၁၊ ၂၀၂၅

MY Yangon International Movie Review: Two Sides of Love from Asia

MY Yangon ရဲ့ ဒီတစ်ပတ် International Movie Review ကဏ္ဍမှာ အာရှ ဇာတ်ကားနှစ်ကားကို ညွှန်းဆိုပေးချင်ပါတယ်။ အချစ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရပ်တည်နေပေမဲ့ ဒီဇာတ်ကားနှစ်ကားရဲ့ အရသာ ကတော့ မတူပါဘူး။ ဘာတွေ ဘယ်လို မတူသလဲ လေ့လာကြည့်ရအောင် …  

 

အိန္ဒိယရုပ်ရှင်ကားဖြစ်တဲ့ "Tere Ishk Mein" ဟာ အချစ်ကြောင့် အရူးအမူးဖြစ်ပြီး ဒေါသနဲ့ လက်စားချေမှု ပုံပြင်ကို ပြင်းပြင်းထန်ထန် ပုံဖော်ရိုက်ကူးထားပါတယ်။ ထိုင်းရုပ်ရှင်ဇာတ်ကား "MY BOO 2" ကတော့ သရဲမလေးနဲ့ လူသားတို့ရဲ့ ဘဝသံသရာအချစ် ကို ရယ်မောစရာကောင်းအောင် ပုံဖော်ထားတာပါ။

 

"Tere Ishk Mein"

ဒီဇာတ်ကားဟာ ဒါရိုက်တာ Aanand L. Rai ရဲ့ စိတ်ကူးပုံဖော်မှုဖြစ်ပြီး Dhanush (ရှန်ကာ) နဲ့ Kriti Sanon (မုတ္တိ) တို့ရဲ့ ခံစားချက်ပြင်းထန်တဲ့ အချစ်ဇာတ်လမ်းကို တင်ဆက်ထားတဲ့ အက်ရှင်-ရိုမန့်စ်ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Rai ရဲ့ နာမည်ကျော် 'Raanjhanaa' ရုပ်ရှင်လိုပဲ၊ ဒီဇာတ်ကားဟာလည်း အချစ်၊ စွန့်လွှတ်မှုနဲ့ အသည်းကွဲခြင်းရဲ့ ပြင်းထန်တဲ့ ရလဒ်တွေကို စူးစူးနစ်နစ် ချဉ်းကပ်ထားပါတယ်။

 

ဇာတ်လမ်းက ကောလိပ်ကျောင်းသား ရှန်ကာနဲ့ မုတ္တိတို့ကြားက စွဲမက်ဖွယ်ကောင်းပြီး ပြင်းပြတဲ့ အချစ်ဇာတ်လမ်း နဲ့ စတင်ထားတယ်။ ဒါပေမဲ့ မုတ္တိက သူ့ဘဝလမ်းကြောင်းကို ပြောင်းလဲပြီး တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ ရှန်ကာရဲ့ ကမ္ဘာကြီးဟာ ပြိုလဲသွားပါတယ်။ အသည်းကွဲ ဒေါသကြောင့် စိတ်ပြောင်းလဲသွားတဲ့ ရှန်ကာဟာ အချစ်ကို စွန့်ပယ်ပြီး လက်စားချေလိုစိတ်နဲ့ ပြည့်နှက်နေတဲ့ လူတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားပုံကို ရင်သပ်ရှုမောဘွယ် မြင်တွေ့ရမှာပါ။

A.R. Rahman ရဲ့ ခံစားချက်ပြည့်ဝတဲ့ တေးဂီတနောက်ခံပုဲဖော်မှုနဲ့အတူ ဒီဇာတ်ကားဟာ အချစ်ကြောင့် အရူးအမူးဖြစ်ခြင်း၊ စွန့်ပစ်ခံရခြင်းရဲ့ နာကျင်မှုနဲ့ ဒေါသတွေဟာ အကျိုးဆက်အဖြစ် ဘယ်လို အစွဲအလမ်း ဖြစ်လာနိုင်လဲဆိုတာကို ပုံဖော်ထားပါတယ်။ ချစ်ခြင်းမေတ္တာရဲ့ ဆိုးကျိုးကောင်းကျိုး နှစ်ဖက်စလုံးကို ပုံဖော်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။

 

"MY BOO 2"

ဒီဇာတ်ကားဟာ ထိုင်းနိုင်ငံက နာမည်ကြီး ဒါရိုက်တာ Komgrit Triwimol ရဲ့ ရယ်မောဖွယ်ရာ၊ ကြည်နူးဖွယ်ရာနဲ့ ထိတ်လန့်ဖွယ်ရာတို့ကို ပေါင်းစပ်ထားတဲ့ ဟာသ-ရိုမန့်ဒရာမာ ဇာတ်လမ်းဖြစ်ပါတယ်။ ပထမကားရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့လည်း ရုပ်ရှင်အကဲဖြတ်များက သုံးသပ်ထားကြပါတယ်။ အဓိက သရုပ်ဆောင်များဖြစ်ကြတဲ့ Sutthirak Subvijitra (ဂျို) နဲ့ Maylada Susri (အနောင်း) တို့ဟာ အသက်ရှင်သူနဲ့ သရဲကြားက ချစ်စဖွယ် ဆက်ဆံရေးကို ဆက်လက်ပုံဖော်ထားပါတယ်။

 

ဒီဇာတ်ကားမှာ ဂျိုနဲ့ အနောင်းတို့ရဲ့ အချစ်ဟာ သာမန်ဘဝတစ်ခုတည်းမှာ ရပ်တန့်မနေဘဲ ဘဝသံသရာရဲ့ ချည်နှောင်မှု ကိုပါ ကျော်လွန်ပြီး ပုံဖော်ထားပါတယ်။ ဂျိုဟာ သူ့ရဲ့ ချစ်သူ အနောင်းနဲ့ နှစ်ဘဝ၊ သုံးဘဝ၊ လေးဘဝ စသည်ဖြင့် ဘယ်လိုပဲ အချိန်ကာလနဲ့ ပုံသဏ္ဌာန် ပြောင်းသွားပါစေ၊ ကံကြမ္မာအရ အမြဲတမ်း ပြန်လည် ဆုံတွေ့နေရပုံကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။

 

"My Boo 2" ဟာ ပထမကားလိုပဲ ချစ်စရာကောင်းတဲ့ ဟာသအငွေ့အသက်တွေ၊ မိသားစုနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့ ထိုင်းရုပ်ရှင်ရဲ့ ထူးခြားတဲ့ ချစ်ခြင်းမေတ္တာနှင့် သဘာဝလွန် ပေါင်းစပ်မှုကို ပိုင်ပိုင်နိုင်နိုင် ဖော်ပြထားပါတယ်။ ဘဝပေါင်းများစွာကို ဖြတ်သန်းပြီး ချစ်ကြတဲ့ ကံကြမ္မာအချစ် ကို ရယ်မောရင်း၊ ကြည်နူးရင်းနဲ့ ခံစားကြည့်ရှုရမယ့် ဇာတ်ကားဆိုလည်း မမှားပါဘူး။

 

အခု လာမဲ့ ၂၀၂၅ နိုဝင်ဘာ ၂၈ (သောကြာနေ့) မှာ ရုံဝင်မဲ့ ဒီဇာတ်ကားနှစ်ကားရဲ့အကြောင်းကို ကြိုပြီး သိထားရင် MY Yangon ရဲ့ ရုပ်ရှင်ချစ် ပရိသတ်တို့ ဘယ်ကားက ကိုယ့်အကြိုက်ဖြစ်မလဲ ကြိုသိထားနိုင်တယ်လေနော် …

 

ဒီတော့ ရုပ်ရှင်ချစ် ပရိသတ်တို့အနေနဲ့ ဇာတ်ကားနှစ်ကားရဲ့အကြောင်းကို ကြိုတင် သိရှိထားပြီးပြီးမို့ "Tere Ishk Mein" ကို ရွေးချယ်မလား။ "MY BOO 2" ကို အားမလား။ ဒါမှမဟုတ် ၂ ကားလုံးကို အလွတ်မပေးပဲ ကြည့်လိုက်မလား … အခုတည်းက အေးဆေး စဉ်းစားထားလို့ ရနေပါပြီ။

 

.

 

 

 

 

⇐ Previous Next

Read 89 times