Food & Drink

ရန်ကုန်မှာ နေ့လယ်စာတစ်နပ် ဘယ်လောက်ကျသလဲ။

How Much Does Lunch Cost in Yangon?

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည့်အားလျော်စွာ အလုပ်အကိုင် အခွင့်အလမ်း ပေါများရာ နေရာတစ်ခု ဖြစ်ပါသည်။ မြို့ပြနေ လူနေမှုပုံစံအရ အရွယ်ရောက်ပြီးသူ အများစုသည် အလုပ်လုပ်ကိုင်လျက်ရှိရာ နေ့စဉ်စားသောက်မှုပုံစံများလည်း ပြောင်းလဲလာပါသည်။

ရန်ကုန်မြို့မှ လူများသည် မနက်စာကို ကော်ဖီ၊ လက်ဖက်ရည် သို့မဟုတ် အဆာပြေမုန့်များဖြင့် လွယ်ကူလျင်မြန်စွာ စားသုံးတတ်ကြသော်လည်း နေ့လယ်စာနှင့် ညစာကိုမူ ထမင်းဟင်းလျာများဖြင့် ဝဝလင်လင် သေသေချာချာ စားသုံးလေ့ရှိကြသည်ကို တွေ့ရပါသည်။

အလုပ်လုပ်သူ အများစုသည် နေ့လယ်စာကို ထမင်းချိုင့်ဖြစ်စေ၊ ရုံးနား သို့မဟုတ် အလုပ်လုပ်ရာနေရာ အနီးတစ်ဝိုက်ရှိ စားသောက်ဆိုင်များတွင်ဖြစ်စေ စားသုံးလေ့ရှိကြသည်။ ညစာကိုမူ အလုပ်မှအပြန် မိသားစုနှင့်အတူ အိမ်တွင် သုံးဆောင်လေ့ရှိသည်။ အထူးအားဖြင့် နေ့တစ်နေ့၏ အလယ်တွင် ကျသည့်အချိန်တွင် စားသုံးသော နေ့လယ်စာကို အထူးပင် အလေးပေးစားသုံးကြသည်ကို မြင်ရပါသည်။ ကျန်းမာရေးအရ ညစာရှောင်သူများပင်လျှင် နေ့လယ်စာကို အာဟာရပြည့်အောင် စီမံစားသောက်တတ်ကြပေသည်။

 

MY Yangon Guide မှ ရန်ကုန်မြို့တွင် နေ့လယ်စာတစ်နပ် အတွက် မည်မျှကုန်ကျသည်ကို အခြေခံလူတန်းစားများ စားသောက်သည့်ဆိုင်ကနေ နာမည်ရ ထမင်းဆိုင်များအထိ လေ့လာပြီး ဤဆောင်းပါးတွင်ပြန်လည်မျှဝေလိုက်ပါသည်။

ရန်ကုန်မှာ နေ့လယ်စာတစ်နပ်  ဘယ်လောက်ကျသလဲ။

နေ့လယ်စာ စားသုံးစရိတ် ခန့်မှန်းချက်

"ရန်ကုန်မြို့မှာ နေ့လယ်စာတစ်နပ် စားသုံးစရိတ် ဘယ်လောက်ကုန်ကျနိုင်မလဲ" ဆိုသည်ကို လေ့လာကြည့်ပါက ရွေးချယ်သည့် စားသောက်ဆိုင် အမျိုးအစားနှင့် မှာယူသည့် ဟင်းလျာများအပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားမှုများရှိပါသည်။ ဤခန့်မှန်းချက်များသည် လူတစ်ဦးတည်း စားသုံးသည့် နေ့လယ်စာအတွက် ဖြစ်ပါသည်။

 

၁။ ဈေးချိုသော သို့မဟုတ် ရိုးရိုးဆိုင်များ (ထမင်း+ဟင်း ပုံစား)

မှာယူသည့် ပုံစံ: ထမင်းနှင့်ဟင်း ပုံစားတစ်ပွဲ (ဥပမာ- ထမင်းနှင့် အသားနည်းနည်း၊ အရွက်ကြော်နည်းနည်းကို အရည်သောက်နှင့် ငပိရည်၊ တို့စရာဖြင့်)

ခန့်မှန်း ဈေးနှုန်း (တစ်ယောက်စာ):

·       ၃,၀၀၀ ကျပ် မှ ၅,၀၀၀ ကျပ် ဝန်းကျင်

ဤဈေးနှုန်းသည် နေ့စဉ် စားသုံးစရိတ်ကို သက်သာလိုသူများအတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါသည်။

 

၂။ အသင့်အတင့် ဈေးနှုန်းရှိသော ဆိုင်များ (အစုံအလင် မှာယူခြင်း)

မှာယူသည့် ပုံစံ: ထမင်း၊ အသား/ငါး ဟင်းတစ်မျိုး၊ အရွက်ကြော်တစ်မျိုး တို့ကို တစ်ပွဲစီ မှာယူ စားသုံးခြင်း (ဈေးနှုန်းနှင့်အတူ ဟင်း ပိုများခြင်း / အရည်အသွေး အနည်းငယ် ပိုကောင်းသောဆိုင်များ)

ခန့်မှန်း ဈေးနှုန်း (တစ်ယောက်စာ):

·       ၅,၀၀၀ ကျပ် မှ ၁၅,၀၀၀ ကျပ် ဝန်းကျင်

မှာယူသည့် ဟင်းအမျိုးအစား (ဥပမာ- ပုစွန်ထုပ်၊ ပင်လယ်စာ၊ ရွေးချယ်သော အသား) နှင့် ဆိုင်၏ နာမည်ပေါ် မူတည်ပြီး ဈေးနှုန်းမှာ ၁၅,၀၀၀ ကျပ်ထက်ပင် ပိုများနိုင်ပါသည်။

 

အချုပ်အားဖြင့်ဆိုသော် .... ရန်ကုန်မြို့တွင် နေ့လယ်စာ စားသုံးရာ၌ အလုပ်လုပ်ကိုင်သူများသည် မိမိတို့၏ ဘတ်ဂျက်နှင့် အချိန်အပေါ် မူတည်၍ ရွေးချယ်လေ့ရှိကြပါသည်။ နေ့လယ်စာကို ပုံစားအဖြစ် အနိမ့်ဆုံး ၃,၀၀၀ ကျပ်ဝန်းကျင်မှ စတင်၍ စားသုံးနိုင်ပြီး၊ ပိုမိုပြည့်စုံသော သို့မဟုတ် အရည်အသွေးကောင်းသော ဟင်းလျာများကို စားသုံးလိုပါက ၅,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ သို့မဟုတ် ထို့ထက်ပို၍ ကုန်ကျနိုင်ပါသည်။  နေ့စဉ် ထမင်းဟင်း ပုံစံအတိုင်း စားသုံးမှုများအတွက် ၅,၀၀၀ ကျပ်ဝန်းကျင်သည် ပုံမှန် စရိတ် ဖြစ်နိုင်သော်လည်း၊ ပိုမိုကောင်းမွန်သော အသားဟင်းများ ပါဝင်ပါက ဈေးနှုန်း သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။

 ရန်ကုန်မှာ နေ့လယ်စာတစ်နပ်  ဘယ်လောက်ကျသလဲ။

မိတ်ဆွေအနေဖြင့် … ရုံးတက် / အလုပ်သွားသောအခါ နေ့လယ်စာကို ထမင်းချိုင့်ယူပြီး စားသည်လား၊ ဆိုင်တွင် စားသောက်သည်လား၊ ဆိုင်တွင် စားသည့်အခါ ဘယ်ဈေးနှုန်းများ ပေးချေနေရပြီလဲ ဆိုသည်ကို ပြန်လည်မျှဝေနိုင်ပါသည်။

 

မှတ်ချက် - ဖော်ပြပါ ဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များ၏ ပုံမှန် အခြေအနေများအပေါ် အခြေခံထားသော အချက်အလက်များဖြစ်ပြီး ဆိုင်အလိုက်၊ နေရာအလိုက်၊ ဟင်းအမယ်အလိုက် ဈေးနှုန်းကွာခြားမှုများ ရှိနိုင်ပါသည်။

 

.

⇐ Previous

Read 100 times