Food & Drink

How to cook Stuffed Squid

How to cook Stuffed Squid

ပင်လယ်စာတွေထဲမှာ ကင်းမွန်ကို မကြိုက်တဲ့သူ ရှားလိမ့်မယ် ထင်ပါတယ်။ ကင်းမွန်ကို ကင်စား၊ ကြော်စား၊ ဟင်းချက်စားကြသလို ချဉ်ချဉ်စပ်စပ်လေး ယိုးဒယားစတိုင် ထောင်းစားတတ်ကြပါတယ်။ ဒီတစ်ခါတော့ ထူးထူးခြားခြားလေး ဖြစ်အောင် ကင်းမွန်ကို အစာသွပ်လေး လုပ်စားကြည့်ဖို့ နည်းလေး မျှဝေပေးပါမယ်။ အိမ်မှာ လုပ်စားဖို့အတွက် အဆင့်တွေ သိပ်မများဘဲ လွယ်ကူရိုးရှင်းတာမို့ မစားဖူးသေးရင် လုပ်စားကြည့်ကြနော်။ ကင်းမွန်မလုပ်တတ်တဲ့သူတွေအတွက် ကင်းမွန်ကိုင်နည်းလေးလည်း ပြောပြပေးထားပါတယ်။  

ကင်းမွန်အစာသွပ် ပြုလုပ်ဖို့ လိုအပ်တာတွေက 

- ကင်းမွန်အကောင်ကြီးကြီး လတ်လတ်သန့်သန့် - ၄၊ ၅၊ ၆ ကောင်

- ကြက်၊ ဝက်၊ ပုစွန် (တစ်မျိုးမျိုး) အနည်းငယ်

- ကောက်ညှင်းပေါင်း - အနည်းငယ်

- မုန်လာဥနီ - အနည်းငယ်

- ဆီ၊ဆား - အနည်းငယ် 

- ခရုဆီ - အနည်းငယ် 

- ငရုတ်ကောင်း - အနည်းငယ် 

- ကြက်ဥ - ၁ လုံး 

- အသားမှုန့်- အနည်းငယ်နဲ့

- ဆော့စ် (အချဉ်) တစ်မျိုးမျိုးတို့ လိုအပ်ပါတယ်။

Advertisement

Click Here > Winner Plastics Manufacturing

ပြုလုပ်နည်းကတော့

(၁) ကင်းမွန်ကိုင်နည်း - အရင်ဆုံး ကင်းမွန်တွေကို သေချာသန့်စင်အောင် ဆေးကြောရပါမယ်။ ကိုယ်အတွင်းက ပလတ်စတစ် အချောင်းလို မှင်အိတ်ကို ဆွဲထုတ်ပါ။ ခေါင်းအပေါ် အလယ်က အစေ့မာ (ကင်းမွန်သွား) ကို ဖယ်ထုတ်ပါ။ ပြီးရင် ဘေးနှစ်ဖက်မှာရှိတဲ့ မျက်လုံးနှစ်လုံးကို ကတ်ကြေးလေးနဲ့ ဖြတ်ထုတ်ပါ။ ကင်းမွန်အပေါ်က အနီရောင် အရေပြားတွေကို ဆွဲခွာပစ်ရပါမယ်။ အညစ်အကြေးတွေ အကုန်ဖယ်ပြီးရင်တော့ ရေဖြင့် အထပ်ထပ် သန်စင်အောင် ဆေးကြောပေးပါ။ 

(၂) အတွင်းမှာ အဆာပလာအဖြစ် သွပ်မယ့် အသား (ကြက်၊ ၀က်၊ ပုစွန်၊ ငါးဖယ်) ကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးကို ကြိတ်ထားပါ။

(၃) ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင် ဆီလေးထည့်ပြီး ကြိတ်ထားသောအသားကို ကျက်အောင် နည်းနည်းလှော်ပါ။

(၄) ပြီးရင် အသားလှော်အိုးထဲ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်ဥအကာ၊ ဆား၊ ခရုဆီ၊ အသားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို အပေါ့အငန် အနေတော်လေး ထည့်မွှေထားပါ။

(၅) အသားကျက်ရင် အဲ့ဒီအိုးထဲ ကောက်ညှင်းပေါင်းပါထည့်၊ သမအောင်မွှေ၊ ရေနည်းနည်းထည့်ပြီး ရေခန်းအောင် ပြန်တည်ထားပါ။

(၆) ရေခန်းပြီဆိုရင် ကောက်ညှင်း + အသားကို ရေဆေးထားတဲ့ ကင်းမွန်အကောင်ကြီးထဲ ထည့်ပါ။ (ပြည့်ကျပ်အောင်မထည့်ရပါ။ ကွဲထွက်တတ်လို့ပါ)

(၇) ပြီးရင်အစာသွပ်ထားတဲ့ ကင်းမွန်တွေကို ပေါင်းအိုးဖြင့် ၈ မိနစ်ခန့် ပေါင်းပါ။

(၈) ပေါင်းပြီးရင်တော့ ဆီအိုးတည်ပြီး အစာသွပ်ထားတဲ့ ကင်းမွန်ကို ဆီပူပူနဲ့ နည်းနည်းတင်းလာအောင်ကြော်ပြီးပါက ဓား​လေးဖြင့် အဝိုင်းပြားလေး လှီးကာ ဆော့စ်ရည်လေးဆမ်းပြီး အရသာရှိရှိ သုံးဆောင်လို့ရပါပြီ။

⇐ Previous Next

Read 1048 times