Things To Do

ရာသီခွင် ၁၂ ခု အလိုက် ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာများ

What are the Gems for each Zodiac Sign?

ရှေးယခင်ကတည်းက လူတွေဟာ ကျောက်မျက်ရတနာတွေကို ကံကောင်းစေဖို့၊ အန္တရာယ်ကင်း ဘေးရှင်းဖို့၊ စီးပွားလာဘ်ပွင့်စေဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အဆောင်သဘော ဝတ်ဆင်လေ့ရှိကြပါတယ်။ ကျောက်မျက်ရတနာတွေကို အဆောင်အဖြစ် မွေးဖွားတဲ့ ရာသီခွင်အလိုက်၊ နေ့အလိုက်၊ လအလိုက် အမျိုးမျိုး သတ်မှတ်ကြပါတယ်။ ဒီတစ်ပတ်မှာတော့ Zodiac  ဇာတာခွင်အရ ဘယ်ရာသီဖွားတွေက ဘယ်ကျောက်မျက်ရတနာတွေ ဆောင်ထားသင့်လဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ Aries (မိဿ ရာသီဖွား) - (March 21 - April 19)

စိတ်ဓာတ်ခွန်အား ပြင်းပြသန်မာတဲ့ Great Leader – Aries တွေအတွက် တောင့်တင်းကြံ့ခိုင်မှု ကျောက်မျက်တို့ရဲ့ ဘုရင် “စိန်” နဲ့ ကိုယ်စားပြုထားပါတယ်။ စိန်ဟာ Aries တို့အတွက် မိမိကိုယ်ကိုယုံကြည်မှု၊ သတ္တိ၊ စင်ကြယ်မှု၊ ကြွယ်ဝမှုများနဲ့အတူ ဘဝမှာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။ စိန်အပြင် Aries တွေအတွက် ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးမယ့် နောက်ထပ်အဆောင်ကျောက်ကတော့ Bloodstone လို့ခေါ်တဲ့ နဂါးသွဲ့ကျောက်ပဲ ဖြစ်ပါတယ်။ 

၂။ Taurus (ပြိဿ ရာသီဖွား) - (April 20 - May 20)

ဗီးနက်စ်ဂြိုလ်ရဲ့ အုပ်ချုပ်မှုအောက်မှာ တည်ရှိတဲ့ Taurus တွေဟာ အလှအပနဲ့ ဇိမ်ခံပစ္စည်းတွေကို ကြိုက်နှစ်သက်သူတွေပီပီ မဆုတ်မနစ်တဲ့ ဇွဲဖြင့် သက်သောင့်သက်သာရှိတဲ့ ဘဝခရီးပန်းတိုင်ကို ရရှိအောင် ကြိုးစားကြသူတွေဖြစ်ပါတယ်။ ဒီရာသီခွင်တွေအတွက် သတ်မှတ်ထားတဲ့ အဆောင်ကျောက်ကတော့ ပြာလဲ့လဲ့ “နီလာ” ရတနာပဲ ဖြစ်ပါတယ်။

၃။ Gemini (မေထုန်ရာသီဖွား) - (May 21 - June 20)

ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ Gemini ရာသီဖွားတွေဟာ ဖြတ်ထိုးဉာဏ်ကောင်းပြီး ဘာပဲလုပ်လုပ် စိတ်ဓာတ်တက်ကြွစွာ လုပ်ဆောင်တတ်ကြသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေကို ကာကွယ်နိုင်စွမ်းရှိပြီး တည်ငြိမ်ခြင်းကို ဖော်ဆောင်တဲ့ Agate (ခေါ်) သင်္ဘောမဟူရာ ကျောက်ရိုင်းတုန်းလေး ဆောင်ယူဖို့ သတ်မှတ်ထားပါတယ်။ 

၄။ Cancer (ကရကဋ် ရာသီဖွား) - (June 21 - July 22)

စိတ်ဓာတ်ရဲရင့်ပြတ်သားတဲ့ Cancer ရာသီဖွားတွေ ဆောင်သင့်တာကတော့ ကျောက်မျက်ရတနာတွေထဲက တစ်ခုဖြစ်တဲ့ Emerald “မြစိမ်း” ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အစွဲအလန်း၊ ရမ္မက်စိတ်ဓာတ်များကို “မြစိမ်း” ဟာ တွန်းလှန်နိုင်ပြီး ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့ အတွေ့အကြုံကောင်းတွေကို ဆောင်ကျဥ်းပေးနိုင်စွမ်း ရှိပါတယ်။

၅။ Leo (သိဟ် ရာသီဖွား) - (July 23 - August 22)

တောအုပ်ဘုရင်ခြင်္သေ့နဲ့ ကိုယ်စားပြုထားတဲ့ Leo ရာသီဖွားတွေအတွက် သတ်မှတ်ထားတဲ့ ကျောက်မျက်ကတော့ Onyx (ခေါ်) “မဟူရာကြောင်ဝင်” ပဲ ဖြစ်ပါတယ်။ သွက်လက်ထက်မြက်တဲ့ ဂုဏ်သတ္တိကို ပိုင်ဆိုင်တဲ့ ထိုကျောင်ရိုင်းလေးတွေဟာ Leo တွေရဲ့ Personality နဲ့ ကိုက်ညီမှုရှိပြီး ပေးကမ်းရက်ရောခြင်း၊ သစ္စာရှိခြင်း၊ အမြင်ကျယ်ခြင်း စတဲ့ စွမ်းအင်များကိုလည်း ဆောင်ကျဉ်းပေးပါတယ်။

၆။ Virgo (ကန် ရာသီဖွား)  - (August 23 - September 22)

လက်တွေ့ဆန်ပြီး တိကျတဲ့ Virgo ရာသီဖွားတွေအတွက် အဆောင်ကျောက်ကတော့ Carnelian (ခေါ်) “သလင်းလိမ္မော်” ဖြစ်ပါတယ်။ စိတ်အမှောင်ကျကာ ပူပန်သောကရောက်တတ်သော Virgo လေးတွေရဲ့ သဘာဝကို “သလင်းလိမ္မော်” ကျောက်က စိတ်ခွန်အားနဲ့ ခံနိုင်ရည်စွမ်းကို တိုးမြှင့်စေပြီး အကာအကွယ်ပေးပါတယ်။

  Advertisement

Click Here > Lat War

၇။ Libra (တူ ရာသီဖွား) - ( September 23 - October 22)

အနုပညာ၊ အလှအပအမြင် ရှိတဲ့ Libra လေးတွေအတွက် သတ်မှတ်ရတနာကတော့ Peridot (ခေါ်) ပြောင်ခေါင်းစိမ်း ဖြစ်ပါတယ်။ Libra ရာသီဖွားတွေလို ပေးကမ်းရက်ရောခြင်း၊ ပေါင်းသင်းရလွယ်ကူခြင်း၊ သဟဇာတဖြစ်ခြင်း စတဲ့ စွမ်းအင်များနဲ့ ပြည့်နေတဲ့ ထိုကျောက်လေးတွေဟာ တီထွင်ဉာဏ်နှင့် လွှမ်းမိုးနိုင်မှုစွမ်းအားတွေကို ဝတ်ဆင်ထားသူအ‌ပေါ် လှုံ့ဆော်ပေးပါတယ်။

၈။ Scorpio (ဗြိစ္ဆာ ရာသီဖွား) - (October 23 - November 21)

ငွေကြေးစီမံခန့်ခွဲမှု အားကောင်းတဲ့ Scorpio ရာသီဖွားတွေအတွက် သတ်မှတ် အဆောင်ရတနာကတော့ Aquamarine Beryl (ခေါ်) မြပြာ ဖြစ်ပါတယ်။ “မြပြာ”ကို ဝတ်ဆင်ခြင်းဖြင့် Scorpio တွေရဲ့ Confident နဲ့ စိတ်အားထက်သန်မှုအပိုင်းကို ပိုမိုမြှင့်တင်ပေးပြီး အမှောင်ထုလွှမ်းခြုံနေသော ခံစားချက်များကို ဖယ်ရှားကာ တည်ငြိမ်ခြင်းနဲ့ ကြည်လင်ခြင်း ရောင်ကြည်ဓာတ်များကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

၉။ Sagittarius (ဓနု ရာသီဖွား) - (November 22 - December 21)

စွန့်စားရတာကို နှစ်သက်ပြီး အမြဲစူးစမ်းလိုတဲ့ ဒီရာသီခွင်တွေရဲ့ အဆောင်ကျောက်ကတော့ တည်ကြည်အေးချမ်းခြင်းနဲ့ ကြွယ်ဝချမ်းသာခြင်းကို ကိုယ်စားပြုတဲ့ Topaz (ခေါ်) ဥဿဖရားကျောက် ဖြစ်ပါတယ်။ အကောင်းမြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ရိုးသားခြင်း၊ ပညာဉာဏ်ထက်မြက်ခြင်း အစရှိတဲ့ စွမ်းအင်များကိုလည်း လှုံ့ဆော်ပေးပါတယ်။

၁၀။ Capricorn (မကာရ ရာသီဖွား) - (December 22 - January 19)

ရည်မှန်းချက်၊ ဆန္ဒအပြင်းပြဆုံး ရာသီခွင်ဖြစ်တဲ့ Capricorn တွေ ဆောင်ထားသင့်တဲ့ ကျောက်ကတော့ ရဲသွေးဆောင်၊ အလှသွေးကြွယ်တဲ့ “ပတ္တမြား” ပါ။ ပင်ကိုယ်အလုပ်ကြိုးစားပြီး စည်းကမ်းကြီးတဲ့ Capricorn ရာသီဖွားတွေကို ပတ္တမြားက သတ္တိ၊ ယုံကြည်မှု၊ ပျော်ရွှင်ခြင်း၊ ဥစ္စာဓနများ ယူဆောင်လာပေးကာ အပျက်သဘောဆောင်တဲ့ Negative Vibes တွေကိုလည်း ဖယ်ရှားပေးပါတယ်။

၁၁။ Aquarius (ကုံ ရာသီဖွား) - (January 20 - February 18)

တီထွင်ကြံဆမှု အားကောင်းပြီး ကမ္ဘာကြီးကို ပြောင်းလဲချင်တဲ့ အတွေးအခေါ်ပညာရှင် Aquarius ရာသီဖွားတွေကို Garnet (ခေါ်) “ဂေါ်မုတ်နီ” နဲ့ ကိုယ်စားပြုထားပါတယ်။ Philosophy ဦးနှောက်ဆန်တဲ့ Aquarius တွေကို “ဂေါ်မုတ်နီ” က နှလုံးသားဆန်တဲ့ စိတ်ခံစားချက်တွေနဲ့ ဆောင်ယူထိန်းညှိပေးပါတယ်။ ဒါ့အပြင် "ဂေါ်မုတ်နီ" ကို စီးပွားရေးလုပ်ငန်းများအတွက် ကြီးပွားတိုးတက်မှုတွေ ဖြစ်ထွန်းစေတဲ့ အဆောင်ကျောက်အဖြစ် ယုံကြည်ကြပါတယ်။

၁၂။ Pisces (မိန် ရာသီဖွား) - (February 19 - March 20)

စိတ်ခံစားချက် ထိခိုက်လွယ်တဲ့ Pisces ရာသီဖွားတွေအတွက် မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးများကို ဖယ်ရှားပေးနိုင်တဲ့ Amethyst (ခေါ်) “ခရမ်းစွဲ” က အကောင်းဆုံးပါ။ စိတ်ပင်ပန်းမှုနဲ့ စိုးရိမ်စိတ်တွေကို ဖြေလျှော့ပေးနိုင်တဲ့ “ခရမ်းစွဲ” ကျောက်ကို “သဘာဝရဲ့ စိတ်ငြိမ်ဆေး” လို့ ယုံကြည်ထားကြပြီး ကရုဏာတရား၊ ကိုယ်ချင်းစားတရားများကို ဆောင်ကျဥ်းပေးနိုင်စွမ်းရှိတဲ့ ကျောက်မျက်ရတနာလေးဖြစ်ပါတယ်။

⇐ Previous Next

Read 2343 times