ရန်ကုန်မြို့ရဲ့ လမ်းမအများစုဟာ များသောအားဖြင့် အများကောင်းကျိုး ပြုလုပ်ခဲ့သူရဲ့ နာမည်တွေ၊ သမိုင်းတွင်ရစ်တဲ့ အာဇာနည်တွေရဲ့ နာမည်တွေနဲ့ ရှေးယခင်က သူရဲကောင်းတွေရဲ့ နာမည်တွေကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ လမ်းနာမည်တွေ များပါတယ်။
ဒီလိုမျိုး လမ်းနာမည်အဖြစ် သတ်မှတ်ခံရတဲ့ အမည်ပိုင်ရှင်ဟာ လက်ရှိမှာသာမက နောင်နှစ်ပေါင်း မြောက်များစွာအထိ နာမည်ကျန်ရစ်မယ့် အထင်ကရပုဂ္ဂိုလ်တွေအဖြစ် ဂုဏ်ယူဖွယ်ရာ အမြင့်ဆုံး ဆုလာဘ်ကို ရရှိလိုက်သလိုပါပဲ။
လမ်းမတွေအကြောင်း မပြောခင် ပထမဆုံးအနေနဲ့ ရန်ကုန်မြို့ကြီး ဖြစ်တည်လာတဲ့ သမိုင်းကြောင်းကိုလည်း အနှစ်ချုပ်သဘောသဖွယ် ပြောပြပေးလိုက်ချင်ပါတယ်။
ရန်ကုန်မြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၆၀ဝ) အထက်ကစပြီး မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဓာတ်တော်များနဲ့ စပ်လျဉ်းပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ခရစ်တော်မပေါ်မီ ဘီစီ (၅၈၈) က ဘုရားဖူးစခန်း အဖြစ်သာ တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေဒီ (၆)ရာစုနှစ်မှာတော့ အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့တဲ့ မွန်လူမျိုးများက ရန်ကုန်မြို့ရဲ့ တည်နေရာကို ဒဂုံအဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ ၁၇၅၅ ခုနှစ်မှာတော့ ကုန်းဘောင်မင်းဆက် ထူထောင်တဲ့ အလောင်းမင်းတရားဟာ ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”လို့ ခေါ်တွင်စေကာ အခြေချ နေထိုင်စေခဲ့ပါတယ်။
၁၈၅၂ ခုနှစ်၊ ဒုတိယအင်္ဂလိပ် မြန်မာစစ်မှာ ရန်ကုန်မြို့ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်တဲ့ ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက် ကျရောက်ချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အချာမြို့တစ်မြို့အဖြစ် ရန်ကုန်မြို့ကို စတင်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနဲ့ (၂၀)ရာစုနှစ်ရဲ့ အစောပိုင်းတွေမှာ ရန်ကုန်မြို့ဟာ လန်ဒန်မြို့နဲ့ တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနဲ့အတူ မြို့တော်ရဲ့ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး၊ ရန်ကုန်တက္ကသိုလ်၊ ကျယ်ပြန့်သော ပန်းခြံများ၊ အင်းယားကန်၊ ကန်တော်ကြီးနဲ့ တစ်ခြားသော မြို့တော်အင်္ဂါရပ်များနဲ့ ညီမျှတဲ့ ခေတ်မီရန်ကုန်မြို့တော်ကြီးကို တည်ဆောက်ခဲ့ကြပါတယ်။
လွတ်လပ်ရေးရပြီးနောက် ဗိုလ်ချုပ်နေဝင်းရဲ့ အခြားနိုင်ငံများအရေးတွေမှာ မစွက်ဖက်ရေးဝါဒနဲ့ အုပ်ချုပ်မှု (၁၉၆၂ - ၁၉၈၈) ခုနှစ်အတွင်းမှာတော့ ရန်ကုန်မြို့ရဲ့ နိုင်ငံတကာ အဆင့်မီ ကြီးကျယ်ခမ်းနားလှတဲ့ အဆောက်အအုံတွေဟာ ...
ဒါ့အပြင် ရန်ကုန်မြို့ဟာ (၁၉၇၄)၊ (၁၉၈၈)နဲ့ (၂၀၀၇) ခုနှစ်များအတွင်း အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများရဲ့ ဗဟိုအချက်အခြာ မြို့တော်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူများကိုလည်း အစိုးရက ပစ်ခတ်မှုတွေ ပြုလုပ်တိုင်း သွေးမြေကျရခြင်းတွေကို မြို့တော်ရဲ့ လမ်းများပေါ်မှာ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မြို့တော်ရဲ့ သမိုင်းကြောင်းကို အကျဉ်းချုံး ဖတ်ရှုပြီးရင်တော့ ရန်ကုန်မြို့လည်က လမ်းမအချို့ရဲ့ အကြောင်းကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဆူးလေဘုရားလမ်း
ဆူးလေဘုရားလမ်းဟာ တစ်ချိန်က မြန်မာနိုင်ငံမှာသာမက အာရှမှာ အကျယ်ဆုံးနဲ့ အလှပဆုံးလမ်း ဖြစ်ခဲ့ပါတယ်။ သန့်ရှင်းလှတဲ့ လမ်းမကြီးမှာ သစ်ပင်တွေသာမက ကားတွေ၊ ဓာတ်ရထားတွေနဲ့ မြင်းလှည်းတွေပါ ကောင်းကောင်းသွားလို့ရတဲ့အထိ ကျယ်ဝန်းခဲ့တယ်လို့ ဆိုပါတယ်။
အနော်ရထာလမ်း
အနော်ရထာလမ်းဟာ ကိုလိုနီခေတ်က ဖရေဇာလမ်းလို့ လူသိများခဲ့ပါတယ်။ ဆူးလေဘုရားကို ဗဟိုပြုပြီး ရန်ကုန်မြို့တော်ပုံစံကို ရေးဆွဲခဲ့တဲ့ ဒေါက်တာဝီလျံ မောင့်ဂိုမာရီရဲ့ အစီအစဉ်ကို ဖရေဇာက ထပ်မံဖြည့်စွက်ပြီး မြို့ကွက်ချ၊ လမ်းဖောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖရေဇာဟာ ဘင်္ဂလားတပ်က အင်ဂျင်နီယာတစ်ဦးပါ။
ဒါကြောင့် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လမ်းအမည်ကို သူ့နာမည် ပေးခဲ့တာ ဖြစ်ပါတယ်။ (၁၁)ရာစု ပုဂံနိုင်ငံတော်ကြီး ထူထောင်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို စည်ပင်ပြန့်ပွားအောင် စွမ်းဆောင်ပေးခဲ့တဲ့ အနော်ရထာမင်းကို ဂုဏ်ပြုတဲ့အနေနဲ့ (၄.၉.၁၉၅၆) ခုနှစ်မှာ ဒီလမ်းကို အနော်ရထာလမ်းလို့ ပြောင်းလဲသတ်မှတ် ပေးခဲ့ပါတယ်။
ဗိုလ်အောင်ကျော်လမ်း
ယခင်က စပတ်ခ်လမ်းလို့ လူသိများခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ ပထမဆုံး အရေးပိုင်ဖြစ်တဲ့ တီပီစပတ်ကို ဂုဏ်တဲ့အနေနဲ့ မှည့်ခေါ်ထားတာပါ။ စပတ်ခ်ဟာ သုဓနုဇာတ်ကို ကာနယ်စလေဒင်ရဲ့ အကူအညီနဲ့ အင်္ဂလိပ်လို ပြန်ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
(၁၉၃၈)ခုနှစ်မှာတော့ အတွင်းဝန်ရုံးကို ဝိုင်းဝန်းဆန္ဒပြတုန်း မြင်းစီးပုလိပ်တွေရဲ့ ရိုက်နှက်မှုကြောင့် ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပါတယ်။ ဒါကြောင့် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ (၃.၄.၁၉၅၆) ခုနှစ်မှာ ဒီလမ်းကို ဗိုလ်အောင်ကျော်လမ်းလို့ ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလမ်း
ယခင်ခေတ်က ဒီလမ်းရဲ့ အနောက်ဘက်ပိုင်းကို ကော်မရှင်နာလမ်း၊ လမ်းရဲ့ အရှေ့ဘက်ပိုင်းကိုတော့ မောင့်ဂိုမာရီလမ်းလို့ ကိုလိုနီခေတ်က ခေါ်ဝေါ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမဆုံး ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာ နေထိုင်ခဲ့ရာ လမ်းဖြစ်တာကြောင့် ကော်မရှင်နာလမ်းလို့ ခေါ်ခဲ့ကြတာပါ။
မောင့်ဂိုမာရီကတော့ ဆာဂျင်ရာထူးနဲ့ (၁၈၅၂) ခုနှစ်မှာ ရန်ကုန်ကို ရောက်လာခဲ့သူပါ။ (၃.၄.၁၉၅၆) ခုနှစ်မှာတော့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလမ်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်းလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
လမ်းမတော်
ဒီလမ်းကိုတော့ ဗိုလ်ချုပ်ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ခဲ့ပါတယ်။ ဂေါ်ဒွင်ဟာ ပထမ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲကို နွှဲခဲ့သူဖြစ်ပြီး (၁၈၅၃)ခုနှစ်က အိန္ဒိယနိုင်ငံမှာ သေဆုံးခဲ့ပါတယ်။ ဒီလမ်းရဲ့ ထူးခြားချက်က ဂေါ်ဒွင်လမ်းလို့ မှည့်ခေါ်ထားပေမယ့် လမ်းမတော်လို့သာ အခေါ်အဝေါ်တွင် ကျယ်ခဲ့တာပါ။
ဒါကြောင့် ဂျပန်ခေတ်မှာကတည်းက လမ်းနာမည်က ပြောင်းလဲပြီးသားလို့ ဆိုပါတယ်။ လမ်းမတော်ဆိုတာက သာယာဝတီမင်း (၁၈၄၁) ခုနှစ်မှာ ရန်ကုန်ကို ကြွချီလာတုန်း ဘုရင့်ဖောင်တော်တံတားက တက်ရောက်ရာလမ်းကို အစွဲပြုခေါ်တာ ဖြစ်ပါတယ်။
မဟာဗန္ဓုလပန်းခြံလမ်း
မော်လမြိုင်မြို့မှာ စစ်ကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျီအီးဘားကို အစွဲပြုပြီး ဘားလမ်းလို့ ရှေးယခင်က ခေါ်ဝေါ်ခဲ့ကြပါတယ်။
မဟာဗန္ဓုလလမ်း
ယခင်က ဒါလဟိုဇီလမ်းလို့ ယခင်က ခေါ်ဝေါ်ခဲ့ကြပြီး အိန္ဒိယရဲ့ ဘုရင်ခံချုပ်ဖြစ်ဖူးတဲ့ လော့ဒ်ဒါလဟိုဇီကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါလဟိုဇီဟာ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ညစာစားပွဲတစ်ခုမှာ သောက်ရင်းစားရင်း ကျန်တဲ့လမ်း တော်တော်များများရဲ့ နာမည်ကို သူက အမည်တပ်ခဲ့ပါတယ်။
သူလိုလားတဲ့ အရာရှိကြီး၊ ငယ်တွေရဲ့အမည်တွေကို လမ်းအမည်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ (၃.၄.၁၉၅၆)ခုနှစ်မှာတော့ ဒီလမ်းကို မဟာဗန္ဓုလလမ်းလို့ ပြောင်းလဲ ခေါ်တွင်စေခဲ့ပါတယ်။ စစ်သူကြီး မဟာဗန္ဓုလဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။
ပန်းဆိုးတန်းလမ်း
အောက်မြန်မာနိုင်ငံရဲ့ ပထမဆုံး ဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ရာကို အစွဲပြုပြီး ဖယ်ရာလမ်းလို့ ယခင်က မှည့်ခေါ်ခဲ့ပါတယ်။ ဖယ်ရာဟာ မြန်မာနိုင်ငံသမိုင်း စာအုပ်ကို ရေးသားခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သက်ရှိမျိုးစိတ်သစ်တွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့သူပါ။
တွေ့ရှိခဲ့တဲ့ အချို့သော မျိုးစိတ်အသစ်တွေကို သူ့နာမည်ပေးထားတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ လမ်းအမည်မှာတော့ ပန်းဆိုးတန်းဆိုတဲ့ အမည်က ပိုပြီးထင်ပေါ်ခဲ့ပါတယ်။ ပန်းဆိုးတန်းဟာ ဘိုးတော် ဘုရားလက်ထက်က ကန်တော်ကလေး ကျေးရွာအမည်နဲ့ တည်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရွာသူ၊ ရွာသားတွေဟာ ခဝါသည်၊ ဆေးဆိုးလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးခဲ့တာကြောင့် ပန်းဆိုးတန်းသို့ သွားရာလမ်းကို ပန်းဆိုးတန်းလမ်းလို့ ခေါ်ခဲ့ကြတာပါ။ သီတဂူ ဆရာတော်ဘုရားကြီး ဟောကြားခဲ့တဲ့ တရားတစ်ပုဒ်မှာတော့ ပန်းဆိုးတန်းမဟုတ်ဘဲ ပုဆိုးတန်းသာဖြစ်ကြောင်း နာယူမှတ်သားခဲ့ရဖူးပါတယ်။ ဒါ့အပြင် ရွှေတိဂုံဘုရားမှာ ရေးထိုး မှတ်တမ်းတင် ထားတာတွေအရ ပုဆိုးတန်းအရပ်ဆိုတာ တစ်ကယ်ပဲ ရှိခဲ့ပါတယ်။
သိမ်ဖြူလမ်း
သိမ်ဖြူလမ်းကိုတော့ ယခင်က ဂျူးလူမျိုး သူဌေးတစ်ဦးဖြစ်တဲ့ ဂျူဒါအီစကယ်ကို အစွဲပြုပြီး ဂျူဒါအီစကယ်လမ်းလို့ အမည်တွင်ခဲ့ပါတယ်။ သူဟာ အလှူအတန်း ရက်ရောတာကြောင့် အဲ့ခေတ်အခါက ထင်ပေါ်ခဲ့သူ ဖြစ်ပါတယ်။
နောက်ပိုင်းမှာမှ ရန်ကုန်မြို့ရဲ့ ရဟန္တာသိမ် (၉)လုံးအနက် တစ်လုံးအပါအဝင်ဖြစ်တဲ့ ဒေဝသာဂရသိမ်တော်ကို ထုံးဖြူသုတ်ထားတာ အကြောင်းပြုပြီး သိမ်ဖြူဆိုတဲ့ လမ်းအမည် ပေါ်ပေါက်ခဲ့တာပါ။ (၁၈၂၄) ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှာ သိမ်ဖြူခံတပ် တိုက်ပွဲဟာ နာမည်ကြီးခဲ့ပါတယ်။
ဗိုလ်ဆွန်ပက်လမ်း
ဒီလမ်းကို ယခင်က မောင်ထော်လေးလမ်းလို့ ခေါ်တွင်ခဲ့ပါတယ်။ မွန်လူမျိုးတစ်ဦးဖြစ်တဲ့ စစ်ကဲဦးထော်လေးဟာ ဒလမြို့စားအဖြစ် အမှုထမ်းခဲ့ဖူးပါတယ်။ ဗြိတိသျှ လက်အောက်မှာတော့ စစ်ကဲအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။သူ့ကို အစွဲပြုပြီး မော်ထော်လေးလမ်းလို့ ခေါ်တွင်ခဲ့တာပါ။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေး အစိုးရလက်ထက်မှာတော့ ဒီလမ်းကို ဗိုလ်ဆွန်ပက်လမ်းလို့ ပြောင်းလဲခဲ့ပါတယ်။ ဗိုလ်ဆွန်ပက်ဟာ ဗြိတိသျှတွေကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ်သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။
ဘုန်းကြီးလမ်း
ဘုန်းကြီးလမ်းကို အရင်က ဘုရားငုတ်တိုလမ်းလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ မွန်ဘုရားဖြစ်တဲ့ ကျိုက်ဒေးတဲ့ စေတီငုတ်တိုနဲ့တွဲပြီး ဘုရားငုတ်တိုလမ်းလို့ ခေါ်ခဲ့ကြတာပါ။ ကျိုက်ဒေးတဲ့ဆိုတာ မြန်မာလို ကျောက်ကုန်းထက်မှာ တည်တဲ့ဘုရားလို့ အဓိပ္ပာယ်ရပါတယ်။
သရက်တော ကျောင်းတိုက်က ဘုန်းကြီးတွေ ဆွမ်းခံကြွလေ့ ရှိတာကြောင့် နောက်ပိုင်းမှာတော့ ဘုရားငုတ်တိုလမ်းအစား ဘုန်းကြီးလမ်းက ပိုထင်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဦးထောင်ဗိုလ်လမ်း
မန္တလေးဇာတိဖြစ်တဲ့ ဦးထောင်ဗိုလ်ဟာ မြန်မာလူမျိုးတွေထဲမှာ ပထမဆုံး သွားစိုက်ဆရာဝန် ဖြစ်ခဲ့သူပါ။ အသက် (၁၅) နှစ်အရွယ်မှာ ရန်ကုန်ကို ရောက်လာပြီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနဲ့ မျက်စောင်းထိုးမှာ သွားစိုက်ဆိုင် ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးထောင်ဗိုလ်ဟာ သူ့တပည့်တွေကို ပညာသင်ပေးရင်း (၃၁.၆.၁၉၆၃) ခုနှစ်၊ တနင်္ဂနွေနေ့၊ နံနက် (၅) နာရီ (၃၀) မိနစ်မှာ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ သူ့ကိုအစွဲပြုပြီး ဦးထောင်ဗိုလ်လမ်းလို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ရေတာရှည်လမ်းဟောင်း
ရေတာရှည် လမ်းဟောင်းနဲ့ လမ်းသစ်ဆိုပြီး နှစ်လမ်းရှိပြီး ဒီလမ်းတွေက ဗဟန်းမြို့ နယ်နိမိတ်ထဲမှာ ပါဝင်ပါတယ်။ ရေတာရှည်မြို့သူ၊ မြို့သားတွေ စုဝေးတဲ့ အရပ်ဒေသမို့ ရေတာရှည်လမ်းလို့ ခေါ်ဝေါ်တာမျိုး လုံးဝ မဟုတ်ပါဘူးနော်။
ဗဟန်းဟာ ရှေးယခင်က တောင်ပူစာ၊ ချိုင့်ဝှမ်း၊ စိမ့်စမ်းတွေ ပေါများတာကြောင့် ဒီနယ်ရဲ့ ရေဟာ တာရှည် စီးဆင်းရလေ့ ရှိပါတယ်။ ဒါကို အစွဲပြုပြီး ရေတာရှည်လမ်းဆိုပြီး ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။
မကြီးကြီးလမ်း
(၁၈၇၀) ပြည့်နှစ်၊ အောက်တိုဘာလမှာ ဦးရိုးနဲ့ ဒေါ်ရွှေသီတို့က မွေးဖွားခဲ့တဲ့ မကြီးကြီးကို ဂုဏ်ပြုတဲအနေနဲ့ မကြီးကြီးလမ်းလို့ မှည့်ခေါ်ခဲ့တာပါ။ သူဟာ မြေယာပိုင်ရှင် သူဌေးတစ်ဦးဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရားကို မြေ (၁၀) ဧက လှူဒါန်းခဲ့ပါတယ်။
မျိုးချစ်စိတ် ထက်သန်သူ ဖြစ်တာကြောင့် အင်္ဂလိပ်စာသင်ကျောင်းနဲ့ အပြိုင် စာသင်ကျောင်း တစ်ကျောင်းဆောက်ပြီး ကိုယ်တိုင်ဆရာမ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မကြီးကြီးဟာ အသက် (၈၂)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
Source : Yangon Directory Community
Read 2157 times