ကုန်ဆုံးသွားသော နှစ်ဟောင်းတစ်နှစ်သည် လူတိုင်းအတွက် အတွေ့အကြုံ၊ အောင်မြင်မှုနှင့် အမှားအယွင်းများကို ထားခဲ့ပေးသည့် အချိန်ကာလတစ်ခုဖြစ်ပါသည်။ လူငယ်တို့အတွက်တော့ နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သော အမှားများ၊ အားနည်းချက်များ၊ စိတ်ဓာတ်ကျမှုများကို သင်ခန်းစာအဖြစ်သာ သိမ်းဆည်းပြီး နှစ်သစ်ဆီ အညစ်အကြေးအဖြစ် မသယ်ဆောင်သင့်ပါ။ နှစ်သစ်သည် လူငယ်တို့အတွက် လူသစ်စိတ်သစ်ဖြင့် ဘဝကို ပြန်လည်တည်ဆောက်နိုင်သည့် အခွင့်အလမ်းအသစ်တစ်ခုဖြစ်ကြောင်း သိရှိနားလည်ထားရပါမည်။
လူငယ်ဘဝတွင် အမှားလုပ်မိခြင်းသည် ရှောင်လွှဲမရနိုင်သော အရာတစ်ခုဖြစ်သော်လည်း ပြုလုပ်ခဲ့ပြီးသော အမှားများထဲတံ နစ်မြုပ်နေရန် မလိုအပ်ပါ။ နှစ်ဟောင်းက အမှားများကို ပြန်လည်သုံးသပ်ကာ မိမိကိုယ်ကို နားလည်သိမြင်လာနိုင်ပါက ထိုအမှားများသည် အနာဂတ်အတွက် လမ်းညွှန်မီးအလင်းများဖြစ်လာနိုင်ပါသည်။ အရေးကြီးဆုံးသည် ပြုခဲ့ပြီးသော အမှားကို မငြင်းပယ်ဘဲ လက်ခံနိုင်သော စိတ်ဓာတ်နှင့် ပြုပြင်တိုးတက်လိုသော ဆန္ဒဖြစ်ပါသည်။
နှစ်သစ်တွင် လူငယ်တို့သည် စိတ်သစ်ကို တည်ဆောက်သင့်ပါသည်။ စိတ်သစ်ဆိုသည်မှာ အကောင်းမြင်စိတ်၊ ကိုယ်တန်ဖိုးကို ယုံကြည်နိုင်သောစိတ်နှင့် အားမလျော့ဘဲ ကြိုးစားလိုသော စိတ်ဓာတ်ကို ဆိုလိုပါသည်။ မနေ့က မအောင်မြင်ခဲ့သော်လည်း ဒီနေ့မှာ ထပ်ကြိုးစားနိုင်သည့် စိတ်အားကို မွေးမြူနိုင်ပါက ဘဝလမ်းကြောင်းသည် တဖြည်းဖြည်း အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါသည်။
ထို့အပြင် လူငယ်တို့အနေဖြင့် မိမိအိပ်မက်များကို ရှင်းလင်းစွာ သတ်မှတ်ထားသင့်ပါသည်။ ရည်မှန်းချက်မရှိသော ကြိုးစားမှုသည် လမ်းမရှိသော ခရီးနှင့် တူပါသည်။ နှစ်သစ်အစတွင် မိမိလုပ်ချင်သော အရာများ၊ ဖြစ်ချင်သောပုံစံကို သေချာစဉ်းစားပြီး အဆင့်လိုက် အစီအစဉ်ဆွဲကာ လုပ်ဆောင်သင့်ပါသည်။ အရင်ထက် ပိုကောင်းလာရန်ဆိုသည်မှာ အကြီးမားဆုံး အပြောင်းအလဲကို ချက်ချင်းလုပ်ရမည် မဟုတ်ဘဲ အသေးစား အပြောင်းအလဲများကို အချိန်ကာလနှင့်အလိုက် မပျက်မကွက် ဆက်တိုက်လုပ်ဆောင်ခြင်းဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် လူငယ်တို့အတွက် နှစ်သစ်သည် အချိန်ကာလအသစ်သာမက စိတ်နှလုံးအသစ်ကို ဖန်တီးနိုင်သည့် အစပြုအချိန်ဖြစ်ပါသည်။ နှစ်ဟောင်းက အညစ်အကြေးများကို ထားခဲ့ပြီး သင်ခန်းစာများကိုသာ သယ်ဆောင်ကာ လူသစ်စိတ်သစ်ဖြင့် အရင်ထက်ပိုကောင်းအောင် ကြိုးစားသွားနိုင်ပါက လူငယ်တို့၏ အနာဂတ်သည် သာယာတောက်ပလာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

Read 116 times