နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုတွေမှာ ကျွန်တော်တို့က အားအင်လိုအပ်မှုတွေ ရှိပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ကြုံလာရပါတယ်။ အဲ့ဒီအတွက် အားဖြည့် အစားအစာတွေလိုအပ်ကြပါတယ်။ အားနည်းသွားတဲ့ အရိုးအဆစ်တွေ အတွက် နို့က အကောင်းဆုံး ဓာတ်စာပါပဲ။ နို့အမျိုးမျိုးရှိပေမယ့် လူတို့အမြဲ သောက်သုံးဖြစ်တဲ့ နို့အများစုကတော့ နွားနို့နှင့် ပဲနို့ ဖြစ်ပါတယ်။ (၂)မျိုးလုံးက ကျန်းမာရေးနဲ့ အရိုးအဆစ် အတွက် ကောင်းမွန်ပေမယ့် မတူတဲ့ ကွားပြားချက်တွေ ရှိနေပါတယ်။
နွားနို့၏ အာဟာရ
နွားနို့ထဲက အဆီအများစုဟာ ပြည့်ဝဆီများ ဖြစ်နေခြင်း၊ ပြည့်ဝဆီ စားသုံးမှုက သွေးအတွင်း ကိုလက်စထရော ပမာဏကို မြင့်တက်စေနိုင်ခြင်း၊ နှလုံးသွေးကြောရောဂါ များဖြစ်နိုင်သော အလားအလာကို များစေနိုင်ခြင်း စသည်တို့ကြောင့် ဈေးကွက်ထဲမှာရှိတဲ့ နွားနို့တွေမှာ အဆီတွေ လျှော့ထားတာရှိသလို အကုန်လုံးနီးပါး ထုတ်ပစ်ထားတာလည်း ရှိပါတယ်။
နွားနို့ကရနိုင်တဲ့ ကယ်လိုရီအများစုဟာ အဆီတွေကရလို့ အဆီလျှော့ထား၊ ထုတ်ထားတဲ့ နွားနို့တွေမှာ ကယ်လိုရီ သိသိသာသာ နည်းသွားပါတယ်။အဆီ ၃% ကျော်ပါတဲ့ နို့ကို မလိုင်အပြည့်နို့ (Full Cream Milk) လို့ခေါ်ပြီး အဆီ ၂% ခန့်သာပါအောင် လုပ်ထားတဲ့ နွားနို့မျိုးကို အဆီလျှော့ နွားနို့ (Recuced Fat Milk) လို့ ခေါ်ပါတယ်။ အဆီလျှော့ နွားနို့တစ်ပန်းကန်မှာ အဆီ ၄.၈ ဂရမ် ပါပါတယ်။
အဆီလျှော့ နွားနို့ တစ်ပန်းကန်သောက်လျှင် ကယ်လိုရီ ၁၂၀ ခန့်သာ ရနိုင်ပါတယ်။ မလိုင်အပြည့် နွားနို့တစ်ခွက်ထက် ကယ်လိုရီ ၃၀ ခန့် နည်းပါတယ်။အဆီ ၁% သာပါတဲ့ နွားနို့မျိုးကို အဆီနည်း နွားနို့ (Low Fat Milk) လို့ ခေါ်ပါတယ်။ အဆီနည်း နွားနို့ တစ်ပန်းကန်မှာ အဆီ ၂.၄ ဂရမ်ပါပြီး အင်အား ၁၀ဝ ကယ်လိုရီခန့် ရနိုင်ပါတယ်။ မလိုင်အပြည့် နွားနို့တစ်ခွက်ထက် ကယ်လိုရီ ၅၀ ခန့် လျော့နည်းပါတယ်။
အကုန်လုံးနီးပါး အဆီထုတ်ပယ်ထားတဲ့ နွားနို့မျိုးကို အဆီလွတ်နွားနို့ (Skim Milk) လို့ ခေါ်ပါတယ်။ အဆီလွတ်နွားနို့တစ်ခွက်မှာ အဆီ ဝ.၂ ဂရမ်ပါပြီး ၈၀ ကယ်လိုရီခန့်သာ ရနိုင်ပါတယ်။ မလိုင်အပြည့် နွားနို့တစ်ခွက်မှာပါတဲ့ ကယ်လိုရီရဲ့ တစ်ဝက်ကျော်ကျော်သာ ရှိပါတယ်။ပရိုတင်းအင်အားချို့တဲ့မှု ပြဿနာရှိတဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မိခင်နို့ ပြတ်ပြီးတဲ့ မူကြိုအရွယ်နှင့် မူလတန်းကျောင်းသားအရွယ် ကလေးတွေကို နွားနို့တိုက်မယ်ဆိုရင် ကယ်လိုရီများတဲ့ မလိုင်အပြည့်နို့ကိုသာ တိုက်ကျွေးသင့်ပါတယ်။
လူကြီးများ၊ အထူးသဖြင့် ကိုယ်အလေးချိန် ထိန်းနေသူများ၊ နှလုံးသွေးကြောရောဂါ ကာကွယ်ဖို့ အစားအသောက် ဆင်ခြင်နေရသူများအတွက်တော့ အဆီလျှော့ထား၊ ထုတ်ထားတဲ့ နို့တွေဟာ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်အေ (A)၊ ဗီတာမင်ဘီတွဲ (B12) စတဲ့ အာဟာရတွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး နေ့စဉ်သောက်သုံးသင့်တဲ့ အစားအသောက်မျိုး ဖြစ်ပါတယ်။
ဗီတာမင်ဒီကို အစားအသောက်တွေကရတာထက် နေရောင်ခြည်စွမ်းအင်နှင့် လူ့အရေပြားမှာ ထုတ်လုပ် တာက ပိုများပါတယ်။ ကနေဒါ၊ နော်ဝေ စတဲ့ အအေးပိုင်း နိုင်ငံတွေမှာ နေရောင်ခြည်ကို လုံလုံလောက်လောက် မထိ တွေ့ရတဲ့အတွက် ဗီတာမင်ဒီချို့တဲ့ပြီး ကလေးအများအပြားဟာ အရိုးပျော့ရောဂါ (Rickets) ခံစားရတဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်။ ဗီတာမင်ဒီက အစားအစာတွေထဲက ကယ်လ်စီယမ် (Calcium) ကို အူထဲကနေ သွေးထဲရောက်အောင် စုပ်ယူရာမှာ ကူညီပါတယ်။
ကယ်လ်စီယမ်က အရိုးတွေကို ကြံ့ခိုင်စေပါတယ်။ ဗီတာမင်ဒီ ကြွယ်ဝတဲ့ သဘာဝ အစားအသောက်တွေက ရှားပါးလေတော့ အဲဒီနိုင်ငံတွေမှာ နွားနို့ထဲမှာ ဗီတာမင်ဒီ အပိုဆောင်း ဖြည့်စွက် (Fortify လုပ်) ပေးထားပြီး လူတွေ ကို နေ့စဉ် နွားနို့သောက်တဲ့အကျင့် ထူထောင်ပေးခဲ့ကြပါတယ်။နွားနို့ထဲမှာ ဗီတာမင်ဒီ ထည့်ဖို့ ဥပဒေစည်းမျဉ်း ထုတ်ပြန်ပြီး စနစ်တကျ ဆောင်ရွက်ခဲ့တဲ့အတွက် အခုအခါမှာ အဲဒီနိုင်ငံတွေမှာ ဗီတာမင်ဒီချို့တဲ့မှု ကလေး အရိုးပျော့ရောဂါပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။
နို့မှန်သမျှ ဗီတာမင်ဒီဖြည့်ထားတဲ့ နိုင်ငံတွေကထုတ်တဲ့ အာဟာရစာအုပ်၊ စာစောင်တွေ ဖတ်လိုက်လျှင် နွားနို့ကို ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာအနေနဲ့ ဖော်ပြထားတတ်ပါတယ်။တကယ်တော့ သဘာဝနွားနို့ဟာ ဗီတာမင်ဒီ မကြွယ်ဝပါဘူး။ အခုအခါမှာ အေးတဲ့နိုင်ငံတွေမှာရော ပူတဲ့နိုင်ငံတွေမှာပါ အရိုးပါး အရိုးပွရောဂါ ဖြစ်ပွားနှုန်းနှင့် သက်ကြီးရွယ်အိုတွေ၊ အထူးသဖြင့် အမျိုးသမီးကြီးတွေမှာ အရိုးကျိုးတာဟာ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နေပါတယ်။
ဒါကြောင့် အရိုးတွေကြံ့ခိုင်ဖို့ လိုအပ်တဲ့ ကယ်လ်စီယမ်စုပ်ယူမှုကို ကောင်းစေတဲ့ ဗီတာမင်ဒီကို နွားနို့မှာ ဖြည့်စွက်တဲ့ လုပ်ငန်းကို အအေးပိုင်းနိုင်ငံ တွေမှာသာမက အပူပိုင်းနိုင်ငံတွေမှာလည်း ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ နွားနို့တွေကို ဝယ်ယူရရှိနိုင်ပါပြီ။
ပဲနို့၏ အာဟာရ
ပဲနို့မှာ နွားနို့လိုပဲ ရေ ၉၀% ကျော် ပါဝင်နေပါတယ်။ ပဲနို့ဟာ နွားနို့ထက် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနှင့် အဆီ ဆိုတဲ့ ပင်မ အာဟာရသုံးမျိုးစလုံး နည်းပါတယ်။ ပဲနို့မှာ ကာဗိုဟိုက်ဒရိတ် အာဟာရအနေနဲ့ ဆူးခရို့စ် (Sucrose) ဆိုတဲ့ သကြား အများဆုံး ပါဝင်နေပါတယ်။နွားနို့မှာပါတဲ့ သကြားဟာ လက်တို့စ် (Lactose) အမျိုးအစားဖြစ်ပြီး ပဲနို့မှာပါတဲ့ သကြားက ဆူးခရို့စ်ဆိုတဲ့ အိမ်သုံးသကြားအမျိုးအစား ဖြစ်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။
ဘာကြောင့်လဲဆိုတော့ နွားနို့သောက်ပြီး လူအချို့မှာ လေပွ၊ ဗိုက်နာ၊ ဝမ်းပျက်တတ်တာဟာ လက်တို့စ်သကြားကို အစာမခြေနိုင်လို့ ဖြစ်ပါတယ်။ ဝမ်းလျှော၊ ဝမ်းပျက်တဲ့ နို့စို့ကလေး အချို့မှာ ရက်အတန်ကြာတဲ့အထိ ဝမ်းမရပ်နိုင်ဖြစ်နေတာဟာလည်း လက်တို့စ်သကြားကြောင့် ဖြစ်တတ်ပါတယ်။ဆူးခရို့စ် သကြားသာပါတဲ့ ပဲနို့ကို သောက်လျှင်တော့ အဲဒီပြဿနာမျိုး မကြုံတွေ့နိုင်ပါဘူး။ ပဲနို့မှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အစာမျှင် (Fibre) ပါပါတယ်။
နွားနို့မှာ အစာမျှင် မပါပါဘူး။ ပဲနို့မှာပါတဲ့ ပရိုတင်းကလည်း ကလေးတွေ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရေး၊ လူကြီးတွေမှာ ခန္ဓာကိုယ် တည်ဆောက်ပြုပြင်ရေးအတွက် မဖြစ်မနေစားသုံးဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (Essential Amino Acids) အားလုံး ပါဝင်နေပါတယ်။ ဒါပေမဲ့ အရည်အသွေးမှာတော့ နွားနို့က အနည်းငယ်သာပါတယ်။
ပဲနို့မှာပါတဲ့ အဆီပမာဏဟာ မလိုင်အပြည့် နွားနို့မှာ ပါသလောက် မများပါဘူး။ လူကြီးတွေရဲ့ ကျန်းမာရေးအတွက်ဆိုလျှင် မပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေ ပိုများတဲ့ ပဲနို့က ပြည့်ဝတဲ့ ဖက်တီးအက်ဆစ်တွေ ပိုများတဲ့ မလိုင်အပြည့်နွားနို့ထက် ပိုပြီးသင့်လျော်ပါတယ်။အဆီလျှော့ထား၊ ထုတ်ထားလျှင်တော့ နွားနို့ဟာလည်း လူကြီးတွေအတွက် ကောင်းပါတယ်။ ပင်မ အာဟာရ သုံးမျိုးစလုံး ပိုများတဲ့အတွက် နွားနို့သောက်တာဟာ ပဲနို့သောက်တာထက် ကယ်လိုရီ ပိုပြီးများများရပါတယ်။
ဒါကြောင့် ကလေးတွေ ကြီးထွားမှုအတွက် နွားနို့က ပဲနို့ထက် ပိုကောင်းပါတယ်။ ပရိုတင်းအင်အား ချို့တဲ့မှု ပြဿနာရှိတဲ့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေကို မလိုင်အပြည့်ပါတဲ့ နွားနို့သာ တိုက်သင့်ပါတယ်။
Read 2515 times