Travel

Facts About Greenland

Facts About Greenland

ကမ္ဘာပေါ်ရှိ အကြီးဆုံးကျွန်းသည် “Greenland” ဖြစ်ကြောင်းကို အားလုံးသိပြီးကြမယ် ထင်ပါတယ်။ ဒီနေရာမှာ Greenland ကိုသိပေမဲ့ Greenland နဲ့ ပတ်သတ်တဲ့ ထူးခြားအံ့ဖွယ်အချက်တွေကိုတော့ သေသေချာချာ သိကြဦးမယ်မထင်ပါဘူး။

ဒါကြောင့် လူတွေသိပ်မသိသေးတဲ့ Greenland ကျွန်းရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ပြောပြပေးသွားပါမယ်။

  • Greenland ကျွန်းဟာ အာတိတ်သမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာမြောက်ဘက်၊ ကနေဒါအရှေ့မြောက်ဘက်နှင့် အိုက်စ်လန်းအနောက်မြောက်ဘက်တို့ကြားမှာ တည်ရှိနေတာဖြစ်ပါတယ်။
  • Greenland ကျွန်းကို Erik The Red လို့ လူသိများတဲ့ Erik Thorvaldsson အမည်ရှိတဲ့ Virking (ဗိုက်ကင်း) လူမျိုးက အေဒီ ၁၀ ရာစုနှောင်းပိုင်းမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
  • နေရာအားလုံးနီးပါး ရေခဲပြင်တွေ ဖုံးလွှမ်းနေတဲ့ ကျွန်းကို စိမ်းလန်းတဲ့နယ်မြေ Greenland လို့ အမည်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် နောက်ထပ် ဗိုက်ကင်းလူမျိုးတွေကို ထပ်မံအခြေချစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။
  • Greenland ဟာ ဒိန်းမတ်ရဲ့ ကိုလိုနီနယ်မြေဖြစ်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာတော့ ကိုလိုနီအဖြစ်က ရပ်စဲပြီး သီးသန့်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
  • ဒိန်းမတ်နိုင်ငံရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းမှာ တည်ရှိနေတဲ့ Greenland ကျွန်းဟာ ၁၉၇၉ ခုနှစ်ကနေ စတင်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပြီး ကိုယ်စားလှယ်အစိုးရစနစ်ကို ကျင့်သုံးခဲ့ပါတယ်။
  • Greenland ကျွန်းရဲ့ အကျယ်အဝန်း ဧရိယာမှာ စတုရန်းမိုင် ၈၃၀,၀၀၀ ကျော် ရှိပါတယ်။ မျက်စိထဲမြင်သာအောင်ပြောရရင် ဩစတေးလျတိုက်ရဲ့ သုံးပုံတစ်ပုံခန့် ကျယ်ဝန်းပါတယ်။
  • Greenland ကျွန်းရဲ့ ဧရိယာမှာ အလွန်ကျယ်ဝန်းပေမဲ့ နေထိုင်သူဦးရေ စုစုပေါင်းက ၅၆,၀၀၀ ကျော်သာ ရှိတာကြောင့် ကမ္ဘာပေါ်မှာ နေထိုင်သူဦးရေ အနည်းဆုံးရှိတဲ့ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ 
  • Greenland ကျွန်းပေါ်ရှိ နေထိုင်သူတွေအများစုက Greenlandic Inuit (အင်နျူအစ်) မျိုးနွယ်ဖြစ်ပြီး အခြားဥရောပနိုင်ငံသားတွေလည်း နေထိုင်ကြပါတယ်။ 
  • ဘာသာစကားကတော့ အင်နျူအစ်လူမျိုးတွေရဲ့ ဘာသာစကားကဆင်းသက်လာတဲ့ Greenland ဘာသာစကားကို ပြောဆိုသုံးစွဲကြပါတယ်။
  • အဓိကကိုးကွယ်တဲ့ဘာသာကတော့ ခရစ်ယာန်ဘာသာဖြစ်ပြီး ဘာသာမဲ့တွေလည်းရှိပါတယ်။ 
  • Greenland ကျွန်းတစ်ကျွန်းလုံးရဲ့  ၅ပုံ ၄ပုံခန့်ကိုတော့ ထူထဲတဲ့ ရေခဲပြင်တွေက ဖုံးလွှမ်းထားပါတယ်။ 
  • Greenland မှာ မြို့ငယ်ပေါင်း ၁၃ မြို့ရှိပြီး အကြီးဆုံးလည်းဖြစ် မြို့တော်လည်းဖြစ်တဲ့ Nuuk (နူခ်) မြို့ကတော့ ထင်ရှားပါတယ်။ 

Nuuk (Capital of Greenland)

 

  • အမေရိကန်စစ်တပ်ဟာ ဂျာမန်ကိုခုခံတိုက်ခိုက်ဖို့အတွက် ၁၉၄၁ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ Greenland နယ်မြေကို ရယူတပ်စွဲခဲ့ဖူးပါတယ်။
  • Greenland ဟာ နွေရာသီမှာ အမြင့်ဆုံးအပူချိန်အနေနဲ့ (၁၀) ဒီဂရီဖာရင်ဟိုက်သာရှိတတ်ပြီး ဆောင်းရာသီမှာဆိုရင် အနုတ် ၅ ဒီဂရီဆဲစီးယက် နှင့် အနုတ် ၂၀ ဒီဂရီဆဲစီးယက်အတွင်း ရှိပါတယ်။ 
  •  Greenland မြောက်ပိုင်း နယ်မြေတွေဟာ နွေရာသီမှာ ၂၄ နာရီ နီးပါးအမြဲလင်းနေတတ်ပြီး ဆောင်းရာသီမှာတော့ အချိန်ပြည့် မှောင်နေတတ်ပါတယ်။
  • Greenland ကျွန်းရဲ့ အဓိက စီးပွားရေးလုပ်ငန်းမှာ ငါးဖမ်းလုပ်ငန်းဖြစ်ပြီး သတ္တုတူးဖော်ရေး၊ သင်္ဘောငယ်များ ပြုပြင်တည်ဆောက်ရေး၊ ခရီးသွားလာရေးစတာတွေကို လုပ်ကိုင်ကြသူတွေလည်းရှိပါတယ်။
  • Greenland ရဲ့ ငွေကြေးစနစ်ကတော့ ဒိန်းမတ်နိုင်ငံသုံး ဒိန်းမတ်ခရိုနာ DKK ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ ဝင်ငွေက တစ်ဦးချင်းကို နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅၃,၀၀၀ ဝန်းကျင်ခန့်ရှိပါတယ်။
  • Ilisimatusarfik University ဆိုပြီး မြို့တော် Nuuk မှာ တက္ကသိုလ်ကျောင်း တစ်ခုတည်းရှိပေမဲ့ Greenland သားတွေဟာ ဒိန်းမတ်ရဲ့ ဘယ်တက္ကသိုလ်မှာမဆို တက်ရောက်ခွင့်ရှိပါတယ်။

Ilisimatusarfik (Greenland University)

  • Greenland မှာ မြို့တစ်မြို့ကနေ တစ်မြို့သွားဖို့ အဝေးပြေးကားလမ်းမတွေ မရှိဘဲ ရေကြောင်းနဲ့ လေကြောင်းခရီးကနေသာ သွားလာနိုင်ပါတယ်။
  • Greenland ဟာ အမေရိကန်နိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်း များစွာရှိရာ နယ်မြေဖြစ်ပြီး လေဆိပ်ကြီးငယ်ပေါင်း (၃၃) ခု ရှိပါတယ်။ 
  • Greenland ရဲ့ အကြီးဆုံးလေဆိပ်က Qeqqata မှာရှိတဲ့ SFJ လေဆိပ်ဖြစ်ပြီး နှစ်စဉ် ပြည်တွင်းပြည်ပခရီးသွား ၁ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေပါတယ်။

SFJ Airport

  • Greenland မှာ UNESCO စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာ (၃) ခု ရှိပါတယ်။
  • ပထမတစ်ခုက Illulisat Icefjord အမည်ရှိတဲ့ Illulisat ရေခဲမြစ်ကြီး တည်ရှိရာနေရာ ဖြစ်ပါတယ်။ 

 Illulisat Icefjord

  • ဒုတိယတစ်ခုက လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ခန့်က ရှေးဦး အင်နျူအစ်လူမျိုးတွေ အမဲလိုက်အခြေချခဲ့တဲ့ အထောက်အထားတွေကို တူးဖော်တွေ့ရှိခဲ့တဲ့ Nipisat အနီးတစ်ဝိုက် နေရာ (၃) ခု ဖြစ်ပါတယ်။

Nipisat

  • တတိယတစ်ခုက Greenland ရဲ့ ရှားရှားပါးပါး စိုက်ပျိုးနယ်မြေ Kujataa ဖြစ်ပါတယ်။

Kujataa

  • Greenland ရဲ့ နေရာအများစုက ရေခဲပြင်တွေ ဖြစ်ပေမဲ့ ကျွန်းကြီးတစ်ခုလုံးမှာ အပင်မျိုးစိတ်ပေါင်း ၃၀၀ ထက် မနည်း ပေါက်ရောက်လျက်ရှိပါတယ်။
  • Greenland ကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်များ လုပ်လေ့ရှိတဲ့ အရာတွေက ဝေလငါးကြည့်ခြင်း၊ ခွေးစွပ်ဖွားနဲ့ Snowmobile စီးခြင်း၊ Dog-sled စီးခြင်း၊ ရေခဲပြင်ပေါ်တွင် လမ်းလျှောက်ခြင်းနှင့် ဥတ္တရ အလင်းတန်းတွေကို စောင့်ကြည့်ခြင်းတို့ ဖြစ်ပါတယ်။

ဥတ္တရ အလင်းတန်းတွေကို စောင့်ကြည့်ခြင်း

 

Dog-Sled စီးခြင်း

 

ဝေလငါးကြည့်ခြင်း

⇐ Previous Next

Read 1669 times